ရခိုင်အရေးနှင့်ပတ်သက်၍ ဂျပန်ရောက်ရခိုင်လူငယ်များ ကုလသမဂ္ဂရုံးရှေ့ဆန္ဒပြတောင်းဆို

ရခိုင်အရေးနှင့်ပတ်သက်၍ ဂျပန်ရောက်ရခိုင်လူငယ်များ ကုလသမဂ္ဂရုံးရှေ့ဆန္ဒပြတောင်းဆို

ဆောင်းဇာခြည် — ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့၌ ရခိုင်အရေးနှင့်ပတ်သက်ပြီး ဂျပန်ရောက် ရခိုင်လူငယ်များက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

၎င်းဆန္ဒပြပွဲကို ဇူလှိုင်လ ၁ ရက်နေ့ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲထိ ဂျပန်ရောက် ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရက္ခိုင်လူငယ်အစည်းအရုံး (ဂျပန်)မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်လူငယ်များအစည်းအရုံး(ဂျပန်) ဥက္ကဋ္ဌ ဦးကျော်သန်းလှိုင်က “ဂျပန်နိုင်ငံက နိုင်ငံတကာ အဖွဲ့အစည်းတွေ ရုံးစိုက်တဲ့ ကုလသမဂ္ဂ ရုံးရှေ့မှာ ဆန္ဒပြတာဖြစ်တယ်။ ကျွန်တော်တို့က အသံတိတ်ဆန္ဒပြတာ မဟုတ်ဘူး။ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြတာ ဖြစ်တယ်။ ပထမဆုံး အာရက္ခနိုင်ငံတော်သီချင်းကို သီဆိုပြီး တစ်ချိန်က အသုံးပြုခဲ့တဲ့ ရခိုင့်ဘုရင့် နိုင်ငံတော်အလံကို အလေးပြုတယ်။ ပြီးတော့ ကျွန်တော်က ဂျပန်ဘာသာစကားနဲ့ ဆန္ဒပြရတဲ့အကြောင်းကို ရှင်းလင်းပြောကြားတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းဆန္ဒပြပွဲတွင် ရခိုင်ပြည်နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများအားသံသယဖြင့် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းခြင်းနှင့်သတ်ဖြတ်ခြင်းများကို ရပ်တန့်ရေး၊ ရခိုင်ပြည်နယ်အတွင်းမှ စစ်ပွဲများ ရပ်တန့် ပေးရေးနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များအား ကုလသမဂ္ဂမှ ကူညီကယ်ဆယ်ပေးရေး စသည့် အချက်များကို ဆန္ဒပြသူများက တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြပွဲကို ရက္ခိုင်လူငယ်များအစည်းအရုံး(ဂျပန်)၊ ကချင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားအဖွဲ့အစည်း (ဂျပန်) တို့မှ အဖွဲ့ဝင် ၅ဝ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ရက္ခိုင်လူငယ်များအစည်းအရုံး(ဂျပန်) ဥက္ကဋ္ဌ ဦးကျော်သန်းလှိုင်က ဂျပန်ဘာသာဖြင့် ဆန္ဒပြရခြင်းကို ရှင်းလင်း ပြောကြားပြီးနောက် ကရင်အမျိုးသားအဖွဲ့အစည်း (ဂျပန်) ဒုဥက္ကဋ္ဌ၊ ရက္ခိုင်လူငယ်အစည်းအရုံး (ဂျန်ပန်) အဖွဲ့ဝင်များမှာလည်း အသီးသီး စကားပြောကြားခဲ့ကြပြီး နောက်ဆုံး “ငရို့ပြည်ကို ငရို့အုပ်ချုပ်မေ” သီခြင်းကို သံပြိုင်သီဆိုကာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့သည်ဟု ဦးကျော်သန်းလှိုင်က ပြောကြားသည်။

ရက္ခိုင်လူငယ်အစည်းအရုံး(ဂျပန်)က ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသည့် ဒုက္ခအရပ်ရပ်များကို အသေးစိတ် ရေးကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ တိုက်ရိုက်ပေးပို့ထားကြောင်းလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကလည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် စစ်ပွဲများ ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ပိတ်ထားသည့် အင်တာနက်လိုင်းများပြန်ဖွင့်ပေးရေးတို့အတွက် ရခိုင်၊ ကရင်၊ ကချင်၊ ပလောင်၊ မွန်၊ ချင်းနှင့် ရှမ်းတိုင်းရင်းသားများ စုပေါင်းကာ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...