ရသေ့တောင်မြို့ထဲမှ နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်

ရသေ့တောင်မြို့ထဲမှ နေအိမ်အချို့ လက်နက်ကြီးကျည်ထိမှန်

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ပေါ်မှ နေအိမ်အချို့ကို ဇွန် ၂၇ ရက် ညနေ ၅ နာရီခန့်က လက်နက်ကြီး ကျည်ထိမှန်ကာ ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျည်မှာ ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်မှ ဦးစစ်သာမောင်၏ နေအိမ်အတွင်းထိမှန်ခဲ့ပြီး သွပ်ခေါင်မိုးကို ဖောက်ထွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး နောက်တစ်လုံးမှာ ဂူတာပြင် ရပ်ကွက်မှ နေအိမ် တစ်လုံးကို ထိမှန်ခဲ့သော်လည်း မပေါက်ကွဲခဲ့ဟု ဒေသခံများက ပြောကြားသည်။

ထိုသို့ နေအိမ်များကို ထိမှန်ခဲ့သော်လည်း လူအထိအခိုက်မရှိဟု သိရသည်။

ဦးစစ်သာမောင်နေအိမ်သို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ရသေ့တောင်မြို့ ပေါ်မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးလှမြင့်က “ ကျွန်တော် ကိုယ်တိုင် သွားကြည့်ပါတယ်။ ဦးစစ်သာမောင်နေအိမ်ရဲ့ နောက် ဘိလိယက် ကစားတဲ့ အဆောင်ရဲ့ အိမ်ခေါင်မိုး အစွန်မှာကျပါတယ်။ ခေါင်မိုးကို အကျယ်ကြီး ဖေါက်ဝင်ပြီး ကွဲတယ်။ အနီးအနား အိမ်ခေါင်မိုးတွေ ဆန်ခါ ပေါက်ဖြစ်သွားတယ်။ မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းတွေ ကွဲအက် ပျက်စီး တာတွေ ရှိပါတယ်” ဟု ပြောသည်။

နောက်လက်နက်ကြီးကျည်တစ်လုံးမှာ မြို့စွန်ရပ်ကွက် ဂူတာပြင်မှ နေအိမ်တစ်လုံးထဲ ကျရောက်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိကြောင်း သိရသည်။

ညနေပိုင်း ၅ နာရီခန့်က ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာနှင့် ထွန်းရဝေကျေးရွာဘက်မှ ပြန်ဝင်လာသော တပ်မတော် စစ်ကြောင်းသည် တောင်လှမော် အနီးရှိ အမှတ် (၅၃၈)သို့ အသွားတွင် ပြားချောင်းကြီး တံတားအလွန်အရောက်၌ မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပြီး ၎င်းတပ်မတော် စစ်ကြောင်းမှ လက်နက်ကြီးများဖြင့် တုံ့ပြန် ပစ်ခတ်ခဲ့သည်ဟု သိရှိရကြောင်း ၎င်းက ပြောကြားသည်။

၎င်းအထဲမှ လက်နက်ကြီး ကျည် သုံးလုံးမှာ ရသေ့တောင်မြို့ပေါ်သို့ ကျရောက်ခဲ့သည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား ညနေ ၅ နာရီခွဲ အချိန်ခန့်က နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ သူမက “ ပစ်ခတ်မှုဖြစ်တယ်လို့တော့ ရသေ့တောင် ဒေသခံ တွေက ဆရာမဆီကို ဖုန်းဆက်ပြီေးပြာလာတယ်။ လက်နက်ကြီးတွေ ကျတာတွေလည်း ရှိတယ်လို့လည်း ပြောတယ်။ ဒါပေမယ့် ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာရမှုတွေတော့ ကြီးကြီးမားမား မရှိဘူးလို့ သိရတယ်။ အခုတော့ ရပ်သွားပြီလို့ပြောတယ်။ တိုက်ပွဲဖြစ်လို့ပစ်တာလား။ တိုက်ပွဲမဖြစ်ဘဲနဲ့ပစ်တာလားဆိုတာကိုတော့ ဆရာမတို့လည်း မပြောတတ်ဘူး” ဟုပြောသည်။

ယခင်ကဆိုလျှင် တိုက်ပွဲများမှာ မြို့နှင့် ဝေးရာများတွင်သာ အဖြစ်များပြီး ယခုအခါ မြို့အနီးအနားထိ တိုက်ပွဲ ဧရိယာကျယ်ပြန့်လာသဖြင့် အခြေအနေအရပ်ရပ်ကို စိုးရိမ်မိကြောင်း သူမ ပြောကြားသည်။

ကျေးလက်တောရွာများမှ စစ်ဘေးကို ကြောက်၍ လူဦးရေ သောင်းနှင့်ချီပြီး ရသေ့တောင်မြို့ပေါ်တွင် ခိုလှုံနေစဉ် မြို့အနီး တိုက်ခိုက်မှုများ ထပ်မံ ဖြစ်ပွားမှုများ ရှိနေ၍ သူတို့ အနေဖြင့်လည်း စိုးရိမ်နေကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခြင်းမှာ ကောင်းသော အလာအလားတစ်ခုမဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးကို ဂုဏ်သိက္ခာရှိရှိဖြင့် နိုင်ငံရေးစကားဝိုင်းမှာ ဆွေးနွေးရန် တိုက်တွန်းလိုကြောင်း ၎င်းက ဆက်ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ကလည်း ရသေ့တောင်မြို့အနီးပစ်ခတ်မှုဖြစ်ပွား၍ ရွှေပါရမီဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်အဖြစ်ခိုလှုံနေသော မသန်စွမ်းသူအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်ဦးရေ သောင်းဂဏန်းထိ ရှိလာနေပြီး သူတို့၏ စားဝတ်နေရေး၊ ကျန်းမာရေးမှာ အခက်အခဲများ ရှိနေကြောင်း သိရှိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...