အရပ်သားများအား လူ့အခွင့်အရေးချိုးဖောက်မှုများကို အစိုးရမှထိရောက်စွာ အရေးယူပေးရန် တောင်းဆို

အရပ်သားများအား လူ့အခွင့်အရေးချိုးဖောက်မှုများကို အစိုးရမှထိရောက်စွာ အရေးယူပေးရန် တောင်းဆို

ဝင်းညွန့် — အရပ်သားပြည်သူများအား လူ့အခွင့်ရေးချိုးဖောက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုနှင့် လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူများကို အစိုးရမှ ထိရောက်စွာအပြစ်ပေးအရေးယူပေးရန် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် နိုင်ငံရေး အကျဉ်သားများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် အဖွဲ့အစည်း(၅)ဖွဲ့က တောင်းဆိုလိုက်သည်။

ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးနေ့တွင် ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သည် တိုက်ပွဲကြောင့် အရပ်သားများ ရွာလုံးကျွတ်ထွက်ပြေးနေရပြီး လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်နေသည့် ဒေသဖြစ်ကြောင်း လူ့အခွင့်ရေးမှတ်တမ်းကွန်ရက် (မြန်မာ့နိုင်ငံ)- ND Burma မှအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအောင်ဇော်ဦးက DMG သို့ ပြောသည်။

“အဓိကတော့ ဒီတိုက်ပွဲဖြစ်တဲ့ ဧရိယာတွေမှာ ရွာလုံကျွတ်ပြောင်းရွှေ့တာပဲဖြစ်ဖြစ်၊ ကျေးရွာသားတွေကို ခေါ်စစ် တာပဲဖြစ်ဖြစ်၊ ဒါတွေကညှဉ်းပမ်းနှိပ်မှုတွေပဲ။ လက်ရှိကာလမှာတော့ ရခိုင်ပြည်နယ်က အဆိုးဆုံးပါပဲ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် အရပ်သားများကို မတရားအသင်းဥပဒေ၊ အကြမ်းဖက်ဥပဒေတို့နှင့် တရားစွဲဆိုကြခြင်းအပြင် ညှဉ်းပန်း နှိပ်စက်မှုများကိုပါရပ်တန့်သင့်ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်မျိုးကျော်က DMG သို့ ပြောသည်။

“အပြစ်မဲ့ပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်တာက အစိုးရတပ်မှမဟုတ်ဘူး၊ ဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ဖြစ်၊ ဘယ်လိုအာဏာပိုင်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ကျုးလွန်းတဲ့ကိစ္စတွေကို ကျွန်တော်တို့က လုံးဝ လက်မခံဘူး။ ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းစီကို ညှဉ်းပန်းနှိပ်စက်မှုတွေကို ကာကွယ်တားဆီးပေးဖို့ အတွက် လက်ရှိတည်ဆဲအစိုးရမှာတာဝန်ရှိပါတယ်” ဟု ဦးအောင်မျိုးကျော်က ဆိုသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်မှ အပစ်အခတ်ရပ်စဲကြောင်းကြေညာသော်လည်း ရခိုင်အပါအဝင် တိုင်းရင်းသား ဒေသအနှံ့အပြားတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး အရပ်သားများကို မသင်္ကာမှုဖြင့်ဖမ်းဆီးစစ်ဆေးခြင်း၊ ညှဉ်းပမ်း နှိပ်စက်ခြင်း၊ လေကြောင်းတိုက်ခိုက်များကြောင့် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခြင်းများရှိခဲ့ သည်ဟု တောင်းဆိုချက်တွင်ပါရှိသည်။

ယင်းအပြင် လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်တချို့တွင် အင်တာနက်ပိတ်ပင်ထားသည်မှာ ၁ နှစ်ကျော်အထိ ကြာမြင့်လာပြီး အင်တာနက်ပိတ်ထားခြင်းဖြင့် ပြစ်မှုကျုးလွန်မှုများကို သတင်းအချက်လက်များ မရရှိအောင် ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ဦးအောင်ဇော်ဦးက ဝေဖန်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် တိုးချဲ့ထားသော တပ်မတော်၏တပ်ရင်းများကို ရုပ်သိမ်း ရန်နှင့် လက်နက်ကိုင်ပဋိပက္ခများကိုရပ်တန့်ကာ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေး ရန်နှင့် တက်ကြွလှုပ်ရှားသူများကို ထပ်မံဖမ်းဆီးခြင်းများမပြုလုပ်ရန်လည်း တောင်းဆိုချက်တွင် ပါရှိသည်။

ထိုသို့တောင်းဆိုသည့် အဖွဲ့(၅)ဖွဲ့မှာ မြန်မာ့အမျိုးသမီးများအဖွဲ့ချုပ်(WLB)၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)-ND Burma၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ ဝိမုတ္တိအမျိုး သမီးအဖွဲ့(VWO)နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့(AJAR)တို့ ဖြစ်ကြသည်။

ယင်းတောင်းဆိုချက်များကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတောင်အတိုင်ပင်ခံပုဂ္ဂိုလ်များနှင့် တခြားနိုင်ငံတကာ လူ့အခွင့်အရေးကောင်စီများသို့ တင်ပြသွားမည်ဟု လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND Burma ကဆိုသည်။

April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...