သျှမ်းပြည်လွှတ်တော် ဆိုင်းဘုတ် သျှမ်းဘာသာဖြင့်ရေးသားရန် လွှတ်တော် လက်မခံ

သျှမ်းပြည်လွှတ်တော် ဆိုင်းဘုတ် သျှမ်းဘာသာဖြင့်ရေးသားရန် လွှတ်တော် လက်မခံ

နန်းဆိုင်ဖူး — သျှမ်းပြည် လွှတ်တော် ဆိုင်းဘုတ်ကို သျှမ်းဘာသာဖြင့်ထည့်သွင်းရေးသားရန်မေးမြန်းသည့် မေးခွန်းကို လွှတ်တော်က လက်မခံခဲ့ကြောင်း စုံစမ်းသိရသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးစိုင်းလုံ မှ “တိုင်းရင်းသားများ၏ စာပေကို အလေးထားသောအားဖြင့် သျှမ်းပြည်နယ်လွှတ်တော် ဆိုင်းဘုတ်ကြီးတွင် သျှမ်းပြည်နယ်လွှတ်တော် ဟူသော စာတန်းကြီး အပြင် ၎င်း နှင့် အဓိပ္ပါယ်တူ သျှမ်းဘာသာကို သျှမ်းစာဖြင့် သင့်တော်သောနေရာတွင် ထည့်သွင်းရေးသားပေးရန်” အစီစဉ်ရှိ/မရှိ သိရှိလိုသည့် မေးခွန်းကို မေးမြန်းခွင့် မရခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်နယ် လွှတ်တော်သည် သျှမ်းပြည်နယ် တစ်ခုလုံး၏ အထင်ကရ နေရာဖြစ်ပြီး သျှမ်းတိုင်းရင်းသားဘာသာစာပေသည် သျှမ်းပြည်ကို ကိုယ်စားပြုခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ် ဦးစိုင်းလုံ ကပြောသည်။

သျှမ်းလွှတ်တော် အဆောက်အဦးကို ၂၀၁၇ ခုနစ်တွင် စတင်တည်ဆောက်စဉ် ညှိနှိုင်း၍ သျှမ်းပြည်အလံ သင်္ကေတ တခုဖြင့် သျှမ်းပြည်ကို ကိုယ်စားပြုပြီးဖြစ်ကြောင်း၊ နိုင်ငံတကာ ကို ကိုယ်စားပြုသော အင်္ဂလိပ်စာ နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၏ ရုံးသုံးစာ မြန်မာဘာသာဖြင့် လုံလောက်ကြောင်း သျှမ်းပြည် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင် ၏ လက်မှတ်ဖြင့် ပြန်စာတွင်ရေးသားခဲ့သည်။

ထို့ပြင် သျှမ်းပြည်အတွင်း အခြားတိုင်းရင်းသားများစွာရှိသဖြင့် ၎င်းတို့၏ တိုင်းရင်းသားစာပါ ရေးသားရန်တင်ပြလာနိုင်ကြောင်းလည်း သျှမ်းပြည် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၏ မှတ်ချက်တွင်ရေးသားထားသည်။

“သျှမ်းပြည်နယ် လွှတ်တော်ဟာ သျှမ်းပြည်နယ် တစ်ခုလုံးအရေးကြီးတဲ့ အထင်ကရနေရာ ဖြစ်တယ်။ သျှမ်းစာလဲ တစ်လုံးမှ မရှိဘူး။သျှမ်းစာ ဆိုတာ ပြည်နယ်ရဲ့ ကိုယ်စားပြုစာလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် သျှမ်းစာလေး ရေးပေးစေချင်တယ်။ သူများပြည်နယ် ဥပမာ မွန်ပြည်နယ် ဆိုရင် သူတို့ မွန်စာတွေ ရေးပေးတာ တွေ့ရတယ်။ သျှမ်းပြည်ကြတော့ မရေးဘူး” ဟု မိုင်းကိုင်မြို့နယ် လွှတ်တော်အမတ် ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၉) ကြိမ်မြောက် အစည်းအဝေး မကျင်းပခင် မေးမြန်းလိုသည့် မေးခွန်းများကို ၁၀ရက် ကြိုတင်ထားရကြောင်း သိရသည်။

“တစ်နေ့ကျရင် ဒီသျှမ်းစာ ပါကိုပါရမယ်။ ဒါက အမှန်တရားမလို့ အမှန်တရားဆိုရင် ဘယ်တော့မှ ဖျောက်ဖျက်လို့မရဘူး” ဟု ဦးစိုင်းလုံ က ပြောသည်။

သျှမ်းပြည်နယ်တွင် တခြားပြည်နယ်များထက် တိုင်းရင်းသားပေါင်းစုံ နေထိုင်ရာ ပြည်နယ် တစ်ခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်လည်း အများဆုံး ရှိသည့် ပြည်နယ်တစ်ခုဖြစ်သည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...