RCSS နှင့် TNLA စစ်ရေးတင်းမာမှု နမ္မတူမြို့နယ် စစ်ရှောင် ၂၀၀ ကျော်ရှိ

RCSS နှင့် TNLA စစ်ရေးတင်းမာမှု နမ္မတူမြို့နယ် စစ်ရှောင် ၂၀၀ ကျော်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်း RCSS နှင့် TNLA တို့ကြားစစ်ရေးတင်းမာမှုကြောင့် မန်စံ ကျေးရွာ ဘုန်းကြီးကျောင်းသို့ စစ်ရှောင် ၂၃၀ ကျော် ရောက်ရှိတိမ်းရှောင်နေကြောင်း စုံစမ်းသိရသည်။

ယခုရက်ပိုင်းနမ္မတူမြို့နယ် မန်စံကျေးရွာ အနီး သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ စစ်ရေးတင်းမာမှုကြောင့် အဆိုပါ စစ်ရှောင်များထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ကြောင်းသိရသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များသည် နမ္မတူမြို့နယ် နားကျဲကျေးရွာ ၊နားကျိုင်းကျေးရွာ နှင့် ပိန်းလုံရွာတို့ မှ ဒေသခံ ၂၃၆ ဦးတို့ဖြစ်ပြီး၊ လက်ရှိမန်စံအုပ်စု ရှိ မန်ဟောင်ဘုန်းကြီးကျောင်းတွင် နားခိုနေကြကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင် ကော်မတီ အဖွဲ့မှ စိုင်းဘဉာဏ် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့ ညကရောက်လာတယ်။ အဓိကတော့ RCSS နဲ့ TNLA စစ်ရေး တင်းမာလို့၊ အဲ့ရွာနားတဝိုက် မှာ စစ်သားတွေရောက်လာလို့ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာနဲ့ ထွက်လာကြတာပါ” ဟု စိုင်းဘဉာဏ်က ဆိုသည်။

ထို စစ်ရှောင်လာသည့် သူများအတွက် နေရာထိုင်ခင်း၊ စားစရာများသည် လက်ရှိ မှာ အခက်အခဲမရှိသေးကြောင်း၊ အလှူရှင် များက လာရောက်ပေးထားကြောင်းလည်း စိုင်းဘဉာဏ် က ပြောသည်။

“ တိုက်ပွဲကတော့ ယနေ့မနက်ထိတော့ သေနတ်သံမကြားသေးဘူး” ဟု စိုင်းဘဉာဏ်က ထပ်လောင်းပြောသည်။

နမ္မတူမြို့နယ် အတွင်း စစ်ရေး တင်းမာမှုနှင့် ပတ်သက်ပြီး RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က “ ကျနော်တို့တပ်နဲ့ TNLAတပ် စစ်ရေးတင်းမာမှုရှိတာတော့ ဟုတ်ပါတယ်။ တိုက်ပွဲတော့မဖြစ်ပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ဆက်လက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာ့အိုက်ကျော်ကို ဆက်သွယ်မေးမြန်းရာ အဆိုပါ စစ်ရေးတင်းမာမှုနှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း ဖြေကြားခဲ့သည်။

နမ္မတူမြို့နယ် အတွင်း RCSS/ SSA နှင့် TNLA သည် လွန်ခဲ့သည့် ၂၀၁၆ ခုနစ်မှ စတင်ကာ စစ်ရေးတင်းမာမှု ဖြစ်ပွားပြီး တိုက်ပွဲ မကြာခဏဖြစ်ပွားခဲ့ကြောင်း သိရသည်။

January 13, 2026
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ...
January 12, 2026
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့်...
January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...