ခင်သရဖီဦး — ရခိုင်ပြည်နယ်ရှိ သာသနာ့နယ်မြေများ၌ တပ်မတော်အနေဖြင့် တပ်စွဲထားခြင်းမရှိကြောင်း ဇွန် ၂၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“တပ်မတော်အနေနဲ့ ဘုရားစေတီတွေပေါ်မှာ နေရာယူထားခြင်း မရှိပါဘူး/ ဗီဒီယိုဖိုင်တွေတက်ကောင်း တက်လာပါလိမ့်မယ်။ အဲဒီနေရာတွေမှာ လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
တပ်မတော်သားများသည် ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံဘုရားတွင် တပ်စွဲထားခြင်းမရှိဘဲ ယင်းဘုရား အနီးရှိ တောင်ကုန်းပေါ်တွင်သာ တပ်စွဲထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရှင်းပြသည်။
အဆိုပါ သုံးဆယ့်တစ်ဘုံဘုရားတွင် တပ်စွဲခြင်းရှိ ၊ မရှိကိုသွားရောက်ကြည့်ရှု၍မရသဖြင့် မသိရှိနိုင်သော်လည်း ဘူးသီးတောင်မြို့နယ် အလိုတော်ပြည့်ဘုရားနှင့် ကြာညိုပြင်ကျေးရွာအနီးရှိ ဘုန်းတော်ကြီး ကျောင်း၌ တပ်စွဲထားကြောင်း ယင်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံထံမှ သိရသည်။
“ကြာညိုပြင်ရွာနား စိုင်းတင်တံတားအောက်က တောင်ဖက်ခြမ်းမှာ ဘုန်းတော်ကြီးကျောင်းရှိတယ်။ အဲဒီ ဘုန်းကြီးကျောင်းမှာ သူတို့ စစ်သားတွေရှိတယ်။ နောက်ထပ် ဘူးသီးတောင် အလိုတော်ပြည့်ကျောင်းမှာလည်း နယ်ခြားစောင့်ရဲတွေ ချလို့ရှိတယ်။ တပ်မအမှတ်တော့ အတိအကျမသိဘူး” ဟု ၎င်းကရှင်းပြသည်။
အလားတူ မြောက်ဦးမြို့နယ် သင်းကျစ်တောင်၌ တပ်မတော်က တပ်စွဲထားခြင်းမရှိကြောင်း တပ်မတော်က ငြင်းဆိုသော်လည်း မည်သူမှ သွားကြည့်၍မရသဖြင့် ယနေ့အချိန်ထိ ၎င်းစေတီမှာတပ်စွဲထားခြင်းရှိ၊ မရှိကို ယတိပြတ် ပြော၍မရနိုင်ကြောင်း မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ထံမှ သိရသည်။
“သူတို့က စေတီနားမှာ တပ်စွဲထားလား၊ မစွဲထားဘူးလားဆိုတာကိုတော့ တစ်ယောက်မှ သွားကြည့်လို့မရဘူး။ ဆိုတော့ သူတို့က စေတီမှာနေတာလား စေတီပတ်ဝန်ကျင်းမှာ နေတာလားတော့ မပြောတတ်ဘူး။ နေတာတော့ သင်းကျစ်တောင်ထက်မှာဖြစ်တယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိန်းစောင့်ရှောက်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များမှာ တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများရှိနေသလို တိုက်ပွဲကိုအကြောင်းပြကာ ဝင်ရောက်ခိုလှုံလာသူများကြောင့်လည်း ပျက်စီးခြင်းတို့ ဖြစ်ပေါ်နေကြောင်း ပြောဆိုသည်။







