ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်နေသူများ နိုင်ငံသားအထောက်အထားပြနိုင်ပါက နေရပ်ပြန်ရေး ကူညီဆောင် ရွက်ပေးမည်

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်နေသူများ နိုင်ငံသားအထောက်အထားပြနိုင်ပါက နေရပ်ပြန်ရေး ကူညီဆောင် ရွက်ပေးမည်

COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း မြန်မာနိုင်ငံသို့ပြန်လိုသည့် ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ တရားမဝင်နေထိုင်သူများ၊ တံတားကူးလက်မှတ်မရှိသူများအနေဖြင့် မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်ပါက နေရပ်ပြန်နိုင်ရေးကူညီဆောင်ရွက်ပေးသွားမယ်လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ ထိုင်း-မြန်မာဆက်ဆံရေး တာဝန်ခံ ဦးထွန်းက ပြောသည်။

လက်ရှိကာလတွင် တရားမဝင်နေထိုင်ကြသည့် ထိုင်းရောက် မြန်မာနိုင်ငံသားများနေဖြင့် နေရပ်သို့ပြန်သည့် အခါ အရေးယူခံရမည်ကို စိုးရိမ်ကြခြင်းကြောင့် ပွဲစားများနှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုများရှိနေကြောင်း သိရသည်။

ပွဲစားများမှ ထိုင်းဘတ်ငွေ ၂၅၀၀၊ ၃၀၀၀ ကောက်ခံကာ ချောင်းတစ်လျှောက်မှ ဝင်ရောက်ရန် စီစဉ်ပေးနေသည့် အခြေအနေတွေကြောင့် ငွေကြေးလိမ်လည်ခံရခြင်းမျိုးရှိနေသည့်အတွက် ယခုကဲ့သို့ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဖြေလျော့ပေးခြင်းဖြစ်ကြောင်း ဦးထွန်းက ပြောသည်။

“မြန်မာနိုင်ငံသား မြန်မာမှတ်ပုံတင်ရှိတယ်။ မယ်ဆိုင်မြို့ကို ရောက်လာပြီဆို ကျွန်တော်တို့က နှစ်နိုင်ငံညှိနှိုင်းပြီး ဒါမြန်မာနိုင်ငံသားပါဆိုပြီး ဆောင်ရွက်ပေးလို့လဲ ရပါတယ်။ ပုံမှန် တံတားဖွင့်တဲ့အချိန်ဆို တံတားကူးလက်မှတ် ရှိရမယ် ဒါပေမယ့် ကျွန်တော်တို့က မယ်ဆိုင်မှာ ရောက်နေပြီး မှတ်ပုံတင်ရှိတယ်ဆို ကိုယ်နိုင်ငံသားကို နားလည်မှုနဲ့ လုပ်ပေးတဲ့သဘောပါ” ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ ထိုင်း-မြန်မာဆက်ဆံရေး တာဝန်ခံ ဦးထွန်းက ပြောသည်။

ထိုင်းရောက် မြန်မာနိုင်ငံသားများတရားဝင်နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ပေးသည့်နေရာတွင် အထောက်အထားမပြနိုင်သူများကို သံရုံးစာရင်းတွင် တင်ပြပေးခြင်းမပြုနိုင်သော်လည်း တံတားကူးလက်မှတ် ပျောက်ဆုံးအနေဖြင့် ပြန်လည်ဝင်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

“ထိုင်းရောက် မြန်မာနိုင်ငံသားလုပ်သားတွေဟာ စက်ရုံ၊ အလုပ်ရုံတွေ၊ စားသောက်ဆိုင်တွေ ကမ်းခြေတွေမှာ အလုပ်လုပ်ကိုင်ကြပြီး အခုကာလမှာ ထိုင်းနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေကို ယာယီပိတ်ထားတာကြောင့် လုပ်ခလစာမရရှိတဲ့အတွက်  စားဝတ်နေရေးမှာ အခက်အခဲတွေ့နေကြရတယ်” ဟု ထိုင်းရောက်လုပ်သားများ ကို အကူအညီပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းက ပြော သည်။

အထောက်အထားမဲ့ လုပ်သားများအပါအဝင် ထိုင်းနိုင်ငံအနှံ့တွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သားဦးရေ သည်  ၃သန်းကျော်ရှိသည်။

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူဦးရေသည် ဇွန်လ ၁၃ရက်နေ့အထိ စာရင်းများအရ နှစ်သောင်း၊ ခြောက်ထောင်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...