နောင်ချို ဂုတ်တွင်း ကားတစီး ချောက်ထဲကျ ၃ ဦးသေ

နောင်ချို ဂုတ်တွင်း ကားတစီး ချောက်ထဲကျ ၃ ဦးသေ
နောင်ချိုမြို့နယ် ဂုတ်တွင်း တွင် ခရီးသည်ယာဉ် ချောက်ထဲတိုးကျပြီး လူနာများကို ကူညီနေသည့် ပုံ (ဓာတ်ပုံ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်)
နောင်ချိုမြို့နယ် ဂုတ်တွင်း တွင် ခရီးသည်ယာဉ် ချောက်ထဲတိုးကျပြီး လူနာများကို ကူညီနေသည့် ပုံ (ဓာတ်ပုံ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း နောင်ပိန်)

သျှမ်းပြည် မြောက်ပိုင်း နောင်ချိုမြို့နယ်ဂုတ်တွင်း တွင် ဇွန်လ ၁၇ ရက်နေ့ မနက် ၃ နာရီ ကျော်က ခရီးသည် တင်ယာဉ် express ကားတစီး ချောက်ထဲသို့ထိုးကျကာ ယာဉ်မောင်းတဦး နှင့် ခရီးသည် ၂ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

“ ယာဉ်မောင်းနဲ့အမျိုးသားတဦးကတော့ ဖြစ်တဲ့နေရာမှာ ပွဲချင်းပြီး သေတယ်။ နောက် အမျိုးသမီးတယောက်ကတော့ ဆေးရုံမှာဆုံးတယ်” ဟု သွားရောက်ကူညီခဲ့သည့် ကမ်းလင့်လက်များ လူမှုကူညီရေး အသင်း (နောင်ပိန်) မှ ဦးနေအောင်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါ ခရီးသည်ယာဉ်တွင် ယာဉ်မောင်း အပါဝင် စုစုပေါင်း ၁၇ ဦး လိုက်ပါခဲ့ပြီး၊ ၃ ဦးသေဆုံးကာ ၊ ၅ ဦး ဒဏ်ရာပြင်းထန်ကြောင်း၊ ကျန် သူများမှာ ဒဏ်ရာမပြင်းထန်ကြောင်းလည်း ဦးနေအောင် က ဆိုသည်။

“ ဒဏ်ရာပြင်းထန်တဲ့ ၅ဦးကိုတော့ ကျနော်တို့အသင်းက ပြင်ဦးလွင် ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ကျန် သူတွေကတော့ နောင်ချို ဆေးရုံမှာပါ” ဟု ဦးနေအောင် က ပြောသည်။

ထို ခရီးသည်ယာဉ် သည် မကွေးမြို့ မှ လားရှိုးမြို့သို့သွားမည် မင်းသားကြီး express ကားဖြစ်ကြောင်း၊ ကုန်းအဆင်းတွင် ကားဘရိတ်ပေါက်မှုကြောင့် ရှေ့သို့ထိုးဆင်းသွားကြောင်း သွားရောက်ကူညီသည့် လူမှုရေးအသင်းများကပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းက နောင်ချို မြို့နယ် ဂုတ်တွင်း တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးကာ ကားလမ်းများချော်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ထို ဂုတ်တွင်းတွင် အတက်အဆင်း သတိထားပြီး မောင်းရန် လိုအပ်ကြောင်းလည်း ကားသမားများ က ပြောသည်။

“ဒီရက်ပိုင်း မိုးတွေ အရမ်းရွာတယ်။ တောင်တက် တောင်ဆင်း ကားလမ်း တွေချော်တော့ သတိနဲ့မောင်းဖို့လိုတယ်။ ဂရုစိုက်မောင်းဖို့ လိုပါတယ်” ဟု ကားသမား တဦးဖြစ်သည့် စိုင်းလောဝ် က ပြောသည်။

မိုးရွာသွန်းမှု ကြောင့် တောင်ကျရေများ ယခင်ကထက် ပိုကျလာကြောင်း၊ လမ်းများချော်မှုကြောင်း ယခုရက်ပိုင်း ကားကြီး၊ ကားသေးများ သွားလာမှုခက်ခဲနေကြေင်း၊ လမ်းများသည် ယခင်ကဲ့သို့မဟုတ်တော့ကြောင်းလည်း ကားသမားများက ပြောသည်။

May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...