ဒါးလက်ဒေသခံများ ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရသည့်အတွက် အခက်ခဲဖြစ်ပေါ်နေ

ဒါးလက်ဒေသခံများ ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရသည့်အတွက် အခက်ခဲဖြစ်ပေါ်နေ

နှင်းနွယ် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအတွင်းမှ ကျေးရွာသားများကို တပ်မတော်က စားနပ်ရိက္ခာ သယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် ဒေသခံများ အခက်ခဲနှင့်ကြုံနေရကြောင်း သတင်းရရှိသည်။

ပိတ်ပင်ခံထားရသည့် ကဇုကိုင်း၊ အလယ်ကျွန်း စသည့်ကျေးရွာများတွင် တပ်မတော်မှ ဂိတ်များချကာ စစ်ဆေးနေကြောင်း၊ ဇွန်လ (၅) ရက်နေ့မှ (၇) ရက်နေ့တို့တွင် သယ်ယူခွင့်ပေးခဲ့သော်လည်း ရွာဟောင်းရွာအနီးမှ ပစ်ခတ်သံအချို့ကြားရသည့်အတွက် ရိက္ခာသယ်ယူခွင့်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း အမ်းမြို့နယ် ဒေသခံ ကိုမျိုးလွင်က ပြောသည်။

“အဲဒီနေ့က ကားသုံးစီးကို သွားလာခွင့်ပေးထားတာ။ ပထမနှစ်စီးကို သွားခွင့်ပေးလိုက်ပြီးတော့ ခဏအကြာမှာ ရွာဟောင်းကျေးရွာဘက်ကနေ သေနတ်ပစ်သံ ငါးချက်လောက်ကြားလိုက်ရတယ်။ ဒါကြောင့် ကျန်တဲ့တစ်စီးကို သူတို့က သွားခွင့်မပေးတော့ဘူး။ ဒီနေ့ဆို သယ်ယူသွားလာခွင့်ကို လုံးဝပိတ်လိုက်တာ” ဟု ၎င်းကပြောသည်။

ထိုသို့ ရိက္ခာသယ်ယူခွင့်ပိတ်လိုက်ခြင်းကြောင်းသည့်အတွက် ကျေးရွာပေါင်း (၄၄)ရွာမှ ဒေသခံများ၏ စားဝတ် နေရေး ပိုမိုအကျပ်အတည်းဖြစ်လာနိုင်ကြောင်း အလယ်ကျွန်းကျေးရွာမှ ဒေါ်ခင်မိုးရီက ပြောသည်။

“ကျမတို့မှာ ရှိတဲ့ပစ္စည်းတွေကိုလည်းသွားပြီး ရောင်းချခွင့်မရဘူး။ ရှိတဲ့ငွေလေးနဲ့လည်း ရိက္ခာတွေကို သယ်ယူခွင့်မရတော့ ကျမတို့ ဘယ်လိုစားသောက်ရမှာလဲ။ အခုလို သယ်ယူခွင့်တွေကို ပိတ်ထားမယ်ဆိုရင် ဒီဒါးလက် အုပ်စုမှာရှိတဲ့ ကျေးရွာအားလုံးကလူတွေ အကုန်ငတ်ပြီးသေရတော့မှာပေါ့” ဟု ၎င်းကဆိုသည်။

ဒါးလက်ချောင်း အလယ်ကျွန်းကျေးရွာမှ ကဇုကိုင်းကျေးရွာအကြားတွင် တပ်မတော်စစ်ဆေးရေးဂိတ် (၄)ခုရှိပြီး ဒေသခံများရိက္ခာသယ်ယူခွင့်ရရန်အတွက် သွားမည့်လူအရေအတွက်၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်၊ ရောင်းချမည့်ပစ္စည်း၊ ဝယ်ယူလာမည့်ပစ္စည်း စသည်တို့ကို ၎င်းစစ်ဆေးရေးဂိတ်များသို့ ကြိုတင်စာရင်းပေးအပ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်ကလည်း ယင်းဒေသသို့ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားမှုများရှိခဲ့သော်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တစုံတရာ မသိရှိရသေးကြောင်း အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ပြောသည်။

“အရင်လည်း ဆန်အိတ်သယ်လာတဲ့သူတွေကို ကဇုကိုင်းဂိတ်ကနေပြီး ဆန်တစ်အိတ်ထက်ပိုပြီး သယ်ယူခွင့် မပြုဘူး။ အဲလိုဖြစ်စဉ်မျိုးရှိခဲ့ဖူးတယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ ဒေသခံများအတွက် ရိက္ခာသယ်ယူခွင့်ကို တပ်မတော်မှ ပိတ်ပင်ထားသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီထံသို့ DMG က ဆက်သွယ်ခဲ့ ရာတွင် ဖုန်းကိုင်သူတစ်ဦးမှ အစည်းအဝေးလုပ်နေသဖြင့် နောက်မှအကြောင်းပြန်မည်ဟု တုန့်ပြန်ခဲ့သည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...