မျိုးသီရိကျော် — ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲဖြစ်ပွားနေမှုနှင့် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဂယက်တို့ကြောင့် ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုနည်းပါး လာနေကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်သို့ ပြည်တွင်း၊ပြည်ပမှ ခရီးသည်များဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ်တွင် ၁၆၉၁၂၁ ဦး ၊ ၂၀၁၈ ခုနှစ် တွင် ၁၄၂၇၈၂ ဦး၊ ၂၀၁၉ ခုနှစ်တွင် ၁၃၉၉၆၂ ဦးနှင့်၂၀၂၀ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ ၆၈၀၆၁ ဦးသာ ဝင်ရောက်မှုရှိသေးကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ရခိုင်ပြည်နယ်သို့ လာရောက်သည့် ခရီးသွားအများစုမှာ သံတွဲ၊ စစ်တွေ၊ ကျောက်ဖြူနှင့် မြောက်ဦးတို့ကို အဓိက သွားရောက်လည်ပတ်လေ့ရှိကြကြောင်း အဆိုပါစာရင်းများအရ သိရသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲမဖြစ်ပွားမှီ ၂၀၁၇ ခုနှစ်က မြောက်ဦးသို့လာရောက်လည်ပတ်သူမှာ တစ်နှစ်တွင်း ၅၀၀၀ ကျော်ရှိခဲ့သော်လည်း တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် ကာလများတွင်မူ လာရောက်လည်ပတ်သူ ၁၀၀၀ ခန့်သာရှိခဲ့ကာ လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားခရီး သည်များမှာ မရှိသလောက်နည်းပါးသွားပြီဖြစ်ကြောင်း ဟိုတယ်နှင့်ဧည့်လမ်းညွန်အသင်းဥက္ကဋ္ဌ ဦးဦးသန်းထွန်း က ပြောသည်။
“တိုက်ပွဲကြောင့် အရင်နှစ်တုန်းကတော့ မြောက်ဦးမင်းသမီးဟိုတယ်ကို ပိတ်လိုက်တယ်။ ဒီနှစ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြောက်ဦးဟိုတယ်ကို ၁ လပိုင်းက ပိတ်လိုက်တယ်။ ခရီးသည်တွေမလာတော့ ပိတ်ရတာပေါ့။ ဝန်ထမ်းတွေလည်း လျှော့ချလိုက်တယ်။ ကျနော်တို့နယ်ခံတွေတောင် ဘုရားကိုမသွားတော့ဘူးဆိုတော့ နိုင်ငံခြား ဧည့်သည်တွေက ဘယ်လိုလုပ်လာကြတော့မှာလဲ။ ကပ်ရောဂါရော၊ တိုက်ပွဲရော ကြောက်ရတယ်လေ” ဟု ၎င်းကဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မြောက်ဦးခရိုင်မှ “မြောက်ဦးဟိုတယ်”မှာ ဇန်နဝါရီလမှစ၍ ယခုချိန်ထိ ရပ်နားထားသည်ဟု ၎င်းကဆိုသည်။
ထို့အတူ သံတွဲခရိုင်မှ ဟိုတယ်အချို့တွင်လည်း နှစ်စဉ်နှစ်တိုင်း မိုးရာသီ(ဇွန်လ)တွင် ပုံမှန်ပိတ်လေ့ ရှိသော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်အရ ဟိုတည်များကို မတ်လမှစတင်ပိတ်ခဲ့ရကြောင်း သံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ထိုသို့ ကုမ္ပဏီများပိတ်လိုက်ရသည့်အတွက် ဟိုတယ်ပိုင်ရှင်များအနေဖြင့် နစ်နာမှုများရှိနေကြောင်း သံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးဦးမြင့်စိုးက ဆိုသည်။
“အခုလိုမျိုး ဟိုတယ်တွေပိတ်ထားတော့ ဟိုတယ်ပိုင်ရှင်တွေ နစ်နာတာပေါ့။ ဟိုတယ်ကိုအားကိုပြီး အလုပ်လုပ် နေတဲ့ ဟိုတယ်ဝန်ထမ်းတွေလည်း အခက်အခဲဖြစ်သွားတယ်။ စားဝတ်နေရေးအတွက်ရော အခက်ခဲဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟိုတယ်များပိတ်လိုက်ရသဖြင့် ခရီးသည်များလာရောက်မှုမှာ ယခင်နှစ်ထက်(၉၀) ရာခိုင်နှုန်းကျော် လျော့သွားပြီး ၎င်းခရီးသည်များကိုအားကိုးကာ လုပ်ကိုင်စားသောက်နေကြသူများအနေဖြင့် များစွာ အခက်အခဲဖြစ်ကြရကြောင်း ငပလီကမ်းခြေတွင် စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းဆိုင်ပိုင်ရှင် ဦးမျိုးသက်က ပြောသည်။
“အရင်နှစ်တုန်းကဆိုရင် ပွင့်လင်းရာသီတစ်လျှာက်မှာ လူဦးရေ ၈ သောင်းကျော်လောက်ရောက်ပါတယ်။ ဒီနှစ်ကျ တော့ လုံးဝမရောက်သလိုဖြစ်သွားပြီး တချို့ဆိုင်တွေမှာ စားသောက်ကုန်တွေ Cancle လုပ်လိုက်ရတာတွေ၊ လူမရောက်တာကြောင့် အစားသောက်တွေ လွှင့်ပစ်လိုက်ရတာတွေ၊ ဝန်ထမ်းတွေလည်း ပိုက်ဆံတွေ လျှော့ပေး ရတယ်။ အဲလို အခက်အခဲတွေ အမျိုးမျိုးပေါ့”ဟု ၎င်းကဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကစတင်ကာ ကိုရိုနာဗိုင်းရပ်စ့်ရောဂါပိုးတွေ့လူနာတစ်ဦး တွေ့ရှိခဲ့ ပြီးနောက် ဗိုင်းရပ်စ်ကြိုတင်ကာကွယ်သည့်အနေဖြင့် အစိုးရက ဒေသတွင်းခရီးသွားလာမှုအချို့ကို ကန့်သတ်မှုများရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင်လည်း အခြားတိုင်းနှင့်ပြည်နယ်အသီးသီးမှ လာရောက်သူများအား Quaratine ဝင်ရောက်စေကာ စောင့်ကြည့်မှုများ လုပ်ဆောင်လျက်ရှိသည်။







