ကျော်သူဌေး — ရခိုင်ပြည်နယ်အတွင်းက ကျေးလက်နေပြည်သူများမှာ လယ်ယာလုပ်ငန်းအပြင် တောတောင်များကိုမှီခိုပြီး တောင်ယာလုပ်ငန်း၊ ထင်းခုတ်၊ ဝါးခုတ်၊ ဟင်းရှာ စသည့်အလုပ်များကို လုပ်ကိုင်စားသောက်လျက်ရှိကြသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိလည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားရာတွင် မပေါက်ကွဲဘဲကျန်ရှိနေခဲ့သည့် လက်နက်ကြီးကျည်များ၊ မိုင်းများနှင့် စစ်ကျန်လက်နက်များမှာ ဒေသခံပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ ရှိနေသည်။
ဒေသခံကျေးရွာသားများသည် ရွာအနီးပတ်ဝန်းကျင်နှင့် တောတောင်များသို့ သွားရောက်ပြီး ရှာဖွေစားသောက်ကြရာတွင် မကြာခဏ မိုင်းနင်းမိခြင်း၊ စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် အသက်သေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများနှင့် ကြုံတွေ့နေကြရသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကံသစ်ကျေးရွာမှ ဒေသခံနှစ်ဦးသည် ကျေးရွာအနီး မင်းမတောင်တန်းတွင် မိုင်းနင်းမိကာ ခြေထောက်များဆုံးရှုံးခဲ့ကြရသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် အခြားရွာသားများမှာလည်း မိမိတို့၏ ဥယျာဉ်ခြံမြေများသို့ မသွားရဲကြတော့ကြောင်း ကံသစ်ကျေးရွာမှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သည့် ဦးကံထွန်းအောင်က DMG သို့ ပြောသည်။
“စိုးရိမ်စရာအများကြီးဖြစ်နေတယ်။ လုံးဝ တောတောင်ကိုဝင်လို့ မရတော့ဘူး။ ကိုယ့်ဥယျာဉ်စိုက်ခင်းတွေကို မဝင်ရဲဘူးဖြစ်နေကြတယ်။ တောတောင်ကို ဝင်လို့မရဘူးဆိုတော့ စားဝတ်နေရေးအတွက် တော်တော်လေးကို ရုန်းကန်နေရတယ်” ဟု ၎င်းကဆိုသည်။
မေလ ၂၈ ရက်နေ့တွင် မင်းပြားမြို့နယ် ရွှေကျန်ကျေးရွာသားတစ်ဦးမှာ ကျေးရွာအနီးငါးရှာသွားစဉ် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။
ယင်းသို့မိုင်းနင်းမိမှုကြောင့် ကျေးရွာသားများမှာ စားဝတ်နေရေးအတွက် ဟင်းရှာ၊ ငါးရှာသွားရောက်ရန် စိုးရိမ်မှုများရှိနေကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ဆိုသည်။
“ကျနော်တို့လို ကျေးလက်ဒေသကလူတွေဟာ တောတောင်ကို မသွားလို့လည်းမဖြစ်ဘူး။ သွားရင်လည်း ကြောက်စိတ်တွေနဲ့ အမြဲတမ်းသွားနေရတယ်ဆိုတော့ နောက်လည်းကြုံရမှာကို ကျနော်တို့က အမြဲတမ်း စိုးရိမ်နေရပါတယ်။ မျှစ်ချိုးတာတို့၊ ဝါးခုတ်တာတို့ မလုပ်ရဘူးဆိုရင် ကျနော်တို့ကျေးရွာသားတွေက အခက်အခဲအများကြီးဖြစ်ပါတယ်” ဟု ဦးညိုမောင်သိန်းက ပြောသည်။
ယခင်က မြေမြုပ်မိုင်းများကို လူနေကျေးရွာများနှင့် အလှမ်းဝေးသည့် တောတောင်များတွင်သာ တွေ့ရသော်လည်း ယခုနောက်ပိုင်းတွင် ကျေးရွာအနီးအနားများတွင် တွေ့လာရသဖြင့် အရပ်သားများထိခိုက်မှု ပိုများလာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ဆိုသည်။
“မြေမြုပ်မိုင်းသုံးစွဲမှုက တဖြည်းဖြည်းနဲ့ ရပ်ရွာတွေနဲ့ အနီးအနားထိကိုများလာတယ်။ အရင်တုန်းကဆိုရင် မြို့ပြကျေးရွာတွေနဲ့ တော်တော်လေး အလှမ်းဝေးတဲ့နေရာတွေမှာ တွေ့ရပေမယ့် အခုနောက်ပိုင်းမှာတော့ ရပ်ရွာတွေနဲ့ အနီးအနားအထိကို ရှိလာတယ်ပေါ့နော်။ အဲဒီအခါကျတော့ ပြည်သူတွေ ထိခိုက်သေဆုံးနိုင်ခြေက ပိုပြီးတော့များလာတာပေါ့” ဟု ၎င်းကပြောသည်။
မိုင်းနှင့် စက်ကျန်လက်နက်များကြောင့် အရပ်သားထိခိုက်မှုများကို လျှော့ချမည်ဆိုပါက မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများကို အစိုးရက အားသွန်ခွန်စိုက်လုပ်ရန်လိုအပ်ပြီး မိုင်းအန္တရာယ်အသိပညာပေးရေး လုပ်နေသော အဖွဲ့အစည်းများကိုလည်း ခွင့်ပြုပေးရန်လိုအပ်ကြောင်း ဦးဇော်ဇော်ထွန်းက ရှုမြင်သည်။
ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် ဒေသခံ တစ်သိန်း ခြောက်သောင်းကျော်မှာ အိုးအိမ်များကိုစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေကြရသည်။ တိုက်ပွဲအကျိုးဆက်အဖြစ် ဒေသခံများ မိုင်းထိမှန်မှု၊ ကျည်ထိမှန်မှုနှင့် ဖမ်းဆီးခံရမှုများလည်း မြင့်တက်လျက်ရှိနေသည်။







