ရခိုင်တောင်သူများ လာမယ့်မိုးရာသီ လယ်ယာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားကြောင်း ပြည်နယ်အစိုးရပြော

ရခိုင်တောင်သူများ လာမယ့်မိုးရာသီ လယ်ယာထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားကြောင်း ပြည်နယ်အစိုးရပြော

မင်းထွန်း — ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်အများစုမှာ တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင် စားသောက်နေကြသော တောင်သူလယ်သမားများဖြစ်ကြသည်။

တောင်သူလယ်သမားများမှာ စစ်ဘေးရှောင်စခန်း၌ခိုလှုံနေရ၍ နေရပ်နှင့်အလှမ်းဝေးကွာသွားခြင်း၊ ထွန်ယက် စိုက်ပျိုးရာတွင်အသုံးပြုသော ကျွဲ၊ နွားများ ဆုံးရံှုးသွားခဲ့ရခြင်း၊ လယ်ယာလုပ်ငန်းများအတွက် အထောက် အကူပြုပစ္စည်းများကို အချိန်မီမပြင်ဆင်နိုင်ခြင်းနှင့် မျိုးစပါးများလည်း ပျက်စီးဆုံးရံှုးမှုများဖြစ်ပေါ်ခဲ့ရသဖြင့် လယ်ယာစိုက်ပျိုးနိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

တောင်သူလယ်သမားများမှာ လာမည့်မိုးရာသီတွင် စပါးစိုက်ပျိုးနိုင်ရေးကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအနေဖြင့် ကြိုတင်အစီအမံများ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးကို လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းထားသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တောင်သူလယ်သမားများအတွက် အစိုးရ၏အကူအညီမှာ အလွန်အရေးကြီးလာသည်ဟုဆိုသည်။

“လယ်ယာလုပ်ငန်းခွင်အတွက် မိုးရာသီကလည်း နီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့် အစိုးရအနေနဲ့ လယ်ယာ လုပ်ငန်းတွေကို ပြည်သူတွေကိုကူညီပေးဖို့၊ ဒီလယ်ယာလုပ်ငန်းတွေအတွက် ကျနော်တို့ ဆန်စပါး၊ လယ်သမားတွေ မထွန်ယက်နိုင်တဲ့အချိန်အခါမှာ ဒီစက်တွေနဲ့ကူညီပေးနိုင်ဖို့ အလွန်တရာမှ အရေးကြီးလာတယ်”ဟု ၎င်းက ပြောသည်။

ယခု ၂၀၂၀ ခုနှစ်တွင် တိုက်ပွဲဧရိယာအတွင်းမှနေအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးမှု များပြားလာနေသည့် အတွက် စစ်ဘေးရှောင်များမှာ မိုးတွင်းကာလနေရပ်ကိုပြန်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် စိန်ခေါ်မှုများ ရှိနေသည်။

စစ်ဘေးရှောင်စခန်းများရှိ တောင်သူလယ်သမားများမှာ နေရပ်ကိုပြန်ပြီး လယ်ယာလုပ်ငန်းကို လုပ်ကိုင်လိုကြ သော်လည်း လုံခြုံရေးမရှိသောကြောင့် နေရပ်ပြန်နိုင်ရန်အတွက် အခက်တွေ့နေကြရသည်။

တောင်သူလယ်သမားများ အချိန်မီစပါးစိုက်ပျိုးနိုင်ရေးအတွက် အစိုးရအနေဖြင့် ကြိုတင်အစီအမံများ ဆောင်ရွက်ပေးနိုင်ရေးကို ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က မြေပုံမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက လွှတ်တော်တွင် အဆိုတစ်ရပ်တင်သွင်းခဲ့ပြီး ၎င်းအဆိုကို ကန့်ကွက်မှုမရှိသောကြောင့် လွှတ်တော်က အတည်ပြုခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လာမည့်မိုးရာသီတွင် ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စီမံကိန်းမှုကြမ်းကို ရေးဆွဲထားပြီးဖြစ်ကြောင့်နှင့် ရခိုင်ဒေသအကျိုးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောသည်။

ရခိုင်ပြည်နယ် ရိက္ခာဖုံလှုံရေးနှင့် ဆန်းစပါးအပြည့်အဝ စိုက်ပျိုးထုတ်လုပ်ရေး ဦးစီးကော်မတီအနေဖြင့် ရခိုင်ပြည်နယ် ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ တောင်သူကြီးများ၊ လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့နှင့် ဆွေးနွေးညှိနှိုင်းထားကြောင်း ၎င်းကဆိုသည်။

“အထူးသဖြင့် စစ်တွေခရိုင်နဲ့ မြောက်ဦးခရိုင်တို့ကို ဦးစားပေးပြီး တည်ငြိမ်၍ ထွန်ယက်စိုက်ပျိုးရနိုင်သမျှကို လုပ်ဆောင်နိုင်ရန်အတွက် စီမံကိန်းမှုကြမ်းကို ရေးဆွဲထားပြီးဖြစ်ပါကြောင်းနဲ့ ရခိုင်ဒေသအကျိုး အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အသင့်ရှိပါတယ်”ဟု ဦးကျော်လွင်က လွှတ်တော်တွင်ပြောကြားခဲ့သည်။

စပါးစိုက်ပျိုးရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်မည်ဟု ယူဆကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကဆိုသည်။

“အစိုးရတစ်ခုတည်းနဲ့ မလုပ်နိုင်ဘူးဆိုရင်တောင်မှ တခြားပြည်ပမှာရှိတဲ့ စက်မှုလုပ်ငန်းရှင်တို့၊ ဆန်စပါး အသင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရင်တော့ ဒါက တကယ်စိုက်ပျိုးလို့ရတဲ့နေရာတွေမှာ မြောက်ဦးလို၊ ကျောက်တော်တို့လို နေရာမျိုးတွေမှာ လယ်သမားတွေ မစိုက်ပျိုးနိုင်ဆိုပေမယ့် သူတို့က အတိုင်းအတာတစ်ခု အထိ ကူညီပေးနိုင်မယ်လို့ ယူဆပါတယ်” ဟု ဦးအောင်ဝင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများရှိသည့် ဒေသများ၌ ၂၀၁၉ ခုနှစ်အတွင်းက မစိုက်ပျိုးနိုင်ခဲ့သော လယ်မြေများနှင့် စိုက်ပျိုးပြီး မရိတ်သိမ်းနိုင်ခဲ့သော လယ်မြေဧကစုစုပေါင်း ၅ သောင်းခန့်ရှိခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများမှာ ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှစ၍ လက်ရှိအချိန်ထိပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအကျိုးဆက်ကြောင့် ဒုက္ခသည်ဦးရေမှာလည်း တစ်သိန်းခြောက်သောင်းလေးထောင်ကျော်အထိရှိလာနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...