မလေးရှားနိုင်ငံရှိ ချင်းလူမျိုးများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် အလုပ်နားထားရသဖြင့် စားဝတ်နေရေး အဆင်မပြေမှုအပြင် တရားမဝင်နေထိုင်သူများကို ဖမ်းဆီးမှုမြင့်တက်နေသဖြင့် ဖမ်းဆီးခံရမည်ကိုလည်း စိုးရိမ်နေကြကြောင်း မလေးရှားရှိ ချင်းအရပ်ဘက်အဖွဲ့အစည်းအချို့ထံမှ သိရသည်။
“အခုလက်ရှိ ကိုဗစ်-၁၉ နဲ့ပတ်သတ်ပြီးတော့ ဒုက္ခတော်တော်များများကတော့ အလုပ်လက်မဲ့ဖြစ်သွားကြတယ်။ ဒီမှာက အချိန်ပိုင်းအလုပ်သမားများတယ်။ တစ်ချို့ကျတော့ LockDown လုပ်တဲ့ဟာက လနဲ့ချီပြီးတော့ရှိသွားပြီဆိုတော့ တော်တော်များများက အလုပ်မလုပ်နိုင်တော့ လစာလည်းမရကြတာတွေရှိတယ်။ မိသားစုလည်းမထောက်ပံ့ပေးနိုင်တော့ဘူး၊ အိမ်လစာမပေးနိုင်တဲ့သူတွေလည်းရှိလာတယ်။ တော်တော်များများကအခက်အခဲရောက်နေကြတယ်” ဟု Alliance for Chin Refugee မှ ဆလိုင်းဘွေထန်ဘိခ်ကပြောသည်။
မလေးရှားအစိုးရမှ ကိုဗစ်-၁၉ အဖြစ်များသည့် နေရာများကို အနီရောင်အဆင့်သတ်မှတ်ပြီး ရောဂါကူးစက်မှုမပြန့်ပွားရန် LockDown ချလေ့ရှိပြီး ချင်းလူမျိုး ၄၀၀ ဝန်းကျင်နေထိုင်သည့် ကွာလာလမ်ပိုရ်မြို့ရှိ ပူဒူး ကိုလည်း LockDown ချထာပြီး စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် ချင်းအိမ်ထောင်စုများအတွက် အရပ်ဘက်အဖွဲ့အစည်းများမှ ထောက်ပံ့ပေးနေကြောင်း ဆလိုင်းဘွေထန်ဘိခ်ကပြောသည်။
ဆလိုင်းဘွေထန်ဘိခ်မှ ဆက်ပြီး အထောက်အထားမဲ့သူများအဖမ်းခံရမှုနှင့်ပတ်သတ်ပြီး “ချင်းတွေအတွက်က တစ်ဘက်မှာ ကိုဗစ်-၁၉လည်းကြောက်ရသလို တစ်ဖက်မှာ အဖမ်းအစီးကလည်းကြောက်ရတယ်၊ ဖမ်းပြီးရင်လည်း နေရပ်ပြန်ပို့တယ်ဆိုတော့ တော်တော်ဆိုးရိမ်နေကြတယ်၊ ထောင်ထဲမှာကလည်း ကိုဗစ်-၁၉ ကူးတာတော်တော်များနေတယ်” ဟုပြောသည်။
လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းအချို့ပြန်ဖွင့်နေပြီဖြစ်သော်လည်း လုပ်ငန်းရှင်များမှ ကိုဗစ်-၁၉ကင်းရှင်းကြောင်း ဆေးလက်မှတ်ပြမှသာ အလုပ်လုပ်ခွင့်ပေးပြီး အဆိုပါဆေးလက်မှတ်ရရှိရမှာ ရှေးနှုန်းကြီးမားမှုကြောင့် ချင်းလူမျိုးအများစုမှာ အလုပ်ပြန်ဝင်ရန် အခက်အခဲရှိနေကြောင်းသိရသည်။
“အဲဒီဆေးစစ်ဖို့က မလေးရှားငွေနဲ့ အနည်းဆုံး ၃၆၀ ကုန်တယ်၊ ဒီမှာက ဘယ်သူမှလည်း အလုပ်မလုပ်ကြတော့ မလွယ်ဘူး၊ တစ်ကယ်တမ်းဆိုရင် မလေးရှားအစိုးရရဲ့ဥပဒေအရ သူဌေးက ပေးပေးရမှာ၊ ဒါပေမယ့် အခုလက်ရှိ ချင်းဒုက္ခသည်တွေကျတော့ အစိုးရရဲ့အသိမှတ်ပြုတွေ မဟုတ်တဲ့အခါမှာ သူဌေးတွေကလည်း မင်းတို့ဒါမပြနိုင်ရင်အလုပ်မဆင်းနဲ့ ဆိုပြီးဖြစ်လာတယ်၊ ပြီးတော့ ဆေးရုံကိုသွားပြီးတော့ ဆေးစစ်ချက်ယူဖို့ကလည်း ဗိုင်းရပ်(စ်)ကြောင့် အလုပ်ရှုပ်မခံချင်တော့ တစ်ချို့ဆေးရုံတွေက မစစ်ပေးချင်ကြပြန်ဘူး”ဟု ဆလိုင်းဘွေထန်ဘိခ်မှပြောသည်။
မလေးရှားရှိ ချင်းလူမျိုးများအရေးနဲ့ပတ်သတ်ပြီး လက်ရှိဖြစ်ပေါ်နေသည့်အနေအထားတွင် UNHCR မှ ထဲထဲဝင်ဝင် ကူညီဆောင်ရန်ပေးရန် တာဝန်ရှိကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဆလိုင်းဆန်နှင်လျန်မှပြောသည်။
“မလေးရှားက ချင်းလူမျိုးတွေအနေနဲ့ အရမ်းဒုက္ခရောက်နေတယ်၊ ဘာလို့လဲဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေများတယ်၊ ကိုဗစ်ကြောင့် LockDown နဲ့ Semi LockDown တွေ ချတာကြောင့် အလုပ်မလုပ်နိုင်တော့ စားဝတ်နေရေးမှာအခက်အခဲဖြစ်တယ်၊ ဗိုင်းရပ်စပ်ကို အကြောင်းပြပြီး အစိုးရက တရားမဝင်နေထိုင်တဲ့သူတွေကို စစ်ဆေးတော့ ထောင်ထဲရောက်သွားတဲ့သူတွေအများကြီးရှိိတယ်၊ ထောင်ထဲမှာလည်း အကာအကွယ်တွေသေချာမလုပ်ပေးတဲ့အပြင် နေရပ်ပြန်ပို့တဲ့အတွက် အခက်အခဲတွေအများကြီးရှိတယ်၊ ဒီဟာတွေအကုန်လုံးကို ဖြေရှင်းပေးဖို့ UNHCR အနေနဲ့ ထဲထဲဝင်ဝင် လုပ်ပေးဖို့လိုတယ်လို့ကျနော်မြင်တယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဆလိုင်းဆန်နှင်လျန်မှပြောသည်။
လက်ရှိ မလေးရှားတွင် ချင်းလူမျိုး ၄သောင်းဝန်ကျင်နေထိုင်ပြီး UNHCR မှထုတ်ပေးသည့် UN ကတ်ရရှိထားသည့်သူများမှာအနည်းစုသာဖြစ်ပြီး အများစုမှာ တရားမဝင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။







