မေလအတွင်းလျပ်စစ် ၁၅၀ ယူနစ် အခမဲ့သုံးခွင့်ရမည်

မေလအတွင်းလျပ်စစ် ၁၅၀ ယူနစ် အခမဲ့သုံးခွင့်ရမည်

 အိမ်သုံးမီတာသုံးသူများ မေလတစ်လလုံးအတွက် လျှပ်စစ်မီတာသုံးစွဲမှုယူနစ် ၁၅၀ ငွေကြေးကောက်ခံမှု ကျပ် ၁၁၅၅၀ အထိကင်းလွတ်ခွင့်ရှိမည်ဖြစ်သည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးကာလ ရက်တိုး မြှင့်ခဲ့သည့် မေလ ၁၆ ရက်မှ ၃၁ ရက်ထိ လျှပ်စစ် ၇၅ ယူနစ်ကို ထပ်မံ အခမဲ့ သုံးစွဲခွင့် ပြုလိုက်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေလ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပထမတစ်ကြိမ် တိုးမြှင့်ခဲ့သည့် မေလ ၁ ရက်မှ ၁၅ ရက်အတွင်း လျှပ်စစ်မီတာ ၇၅ ယူနစ်ကိုကင်းလွတ်ပေးပြီးဖြစ်သောကြောင့် ယခုနောက်ထပ် ၇၅ ယူနစ်ကို ထပ်တိုးကင်းလွတ်ခွင့်ပေးလိုက်ရာ စုစုပေါင်းယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ရမည်ဖြစ်သည်။

COVID– 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ မှ COVID– 19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သောကြောင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ နှင့်  ပြည်ထောင်စုဝန်ကြီးဌာနများ ၏ ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ကင်းလွတ်ခွင့်အား သက်တမ်းတိုးမြှင့်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ယခု မေလအတွင်း သုံးစွဲမည့် လျှပ်စစ်ဓာတ်အား ယူနစ် ၁၅၀ အထိ ဓာတ်အားခကျသင့်ငွေ ကင်းလွတ်ခွင့်တွင် အိမ်သုံးမီတာသုံးစွဲသော ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ နှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ ပါဝင်သည်။ သို့သော် အိမ်သုံးမီတာတပ်ဆင်ထားခြင်းမရှိသောသံရုံးများ၊ ကုသမဂ္ဂအဖွဲ့အစည်းများ မပါဝင်ပေ။ ယူနစ် ၁၅၀နှင့်အထက်ကိုတော့ အလွှာလိုက် သတ်မှတ်ချက် နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

သာကေတမြို့နယ်တွင် နေထိုင်သည့်  မချိုမာလွင် မှ “ဒီလို လျှော့လိုက်ပေမယ့် ပုံမှန်ကျတဲ့ ပမာဏထက်ကို ပိုကျလာတယ်ဆိုတဲ့ အခြေအနေတွေလည်း ရှိနေတော့ တကယ် လျော့ခြင်း၊ မလျော့ခြင်း က သူ့မြို့နယ်နဲ့ မီတာဖတ်တဲ့ ဝန်ထမ်းနဲ့  အဓိက သက်ဆိုင်မယ်လို့ ယူဆပါတယ်။ မဟုတ်ရင် မသမာတဲ့ မီတာဝန်ထမ်းက ခန့်မှန်းတဲ့ ဂဏန်းတွေ အတိုင်းဘဲ ကောက်သွားခဲ့ရင် ဒီလို ဖြစ်တဲ့ မြို့နယ်တွေ၊ အိမ်တွေအတွက်တော့ ဘာမှထူးခြားမှု ရှိမှာ မဟုတ်ပါဘူး။" ဟု သူ့အမြင်ကိုပြောသည်။

ယူနစ် ၁၅၀ နှင့် အထက် သုံးစွဲသူများအတွက် ယူနစ် ၁၅၁  မှ ၂၀၀ အထိ တစ်ယူနစ်လျှင် ၁၂၀ ကျပ် နှင့်  ယူနစ် ၂၀၁ နှင့် အထက် တစ်ယူနစ်လျှင် ၁၂၅ ကျပ် နှုန်းထားဖြင့် တွက်ချက်၍ ကောက်ခံသွားမည် ဖြစ်သည်။

အစိုးရအနေဖြင့် ယခုလိုလျှပ်စစ် ၁၅၀ ယူနစ်အခမဲ့သုံးစွဲခွင့်ကို ဧပြီလမှစတင်ခဲ့သည်။ အဆိုပါလအတွင်း ပြည်သူများ အနေဖြင့် ပုံမှန်လများထက် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ကျသင့်ငွေ ပိုမိုများပြားနေခြင်း၊ ယူနစ်တွက်ချက်မှု ပုံစံမှားယွင်းခြင်း နှင့် သက်ဆိုင်ရာမြို့နယ်အလိုက် လျှပ်စစ်ဌာနများမှ  ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းခြင်း စသည့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။ဝန်ကြီးဌာနဘက်မှလည်းပြန်လည်ဖြေရှင်းမှုများပြုလုပ်ထားသည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...
ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...