ရေဖြူမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်

ရေဖြူမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မိုင်းကြောင့် ခြေတစ်ဖက်ပြတ်

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိ အလယ်စခန်းကျေးရွာအနီး ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်း မိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည် ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

မေလ ၄ ရက်နေ့ (ယနေ့) မွန်းလွှဲ ၁ နာရီ အချိန်ခန့်တွင် အလယ်စခန်းကျေးရွာနှင့် ၃ မိုင်ခန့်ဝေးသည့် ဒေသ အခေါ် ကြောင်လျှာကွင်းဆိုသည့် ခြံမှ ပြန်လာသည့် ဟံဂံကျေးရွာမှ နိုင်ထွန်း သည် လမ်း ပေါ်တွင် မြေမြှုပ်မိုင်း နင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်သွားသည်ဟု သိရသည်။

အလယ်စခန်း ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း က “မိုင်းနင်းမိတဲ့လူက ဟံဂံက ဒီမှာ(အလယ်စခန်း) ခြံလာလုပ်နေကြတယ်၊ ခြံကနေအပြန် လူသွားလမ်းပေါ်မှာပဲ နင်းမိတယ်။ အဲ့နေရာတဝှိုက်မှာပဲ ၂၀၁၉ တုန်း ကလည်း တစ်ကြိမ် နင်းမိဖူးတယ်” ဟု ပြောသည်။

ရေဖြူမြို့ နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း မြေမြှုပ် မိုင်း နင်းမိမှု အကြိမ်ရေ ၈ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူများ  ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိခဲ့သည်။

ယခုနှစ် ၂၀၂၀ ခုနှစ်အတွင်း၌လည်း အလယ်စခန်းနှင့် အနည်းငယ်ဝေးသည့် မျောက်ချောကျေးရွာနှင့် ကလယ်  ကျေးရွာဘက်တွင် မြေမြှုပ်မိုင်းနင်းမိမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ ခြေထောက် တစ်ဖက်စီ ဖြတ်ပစ်ခဲ့ရသည်။

ရေဖြူမြို့နယ်အတွင်း မကြာခဏဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းနင်းမိမှုများသည် အများဖြင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေကြသည့် ဥယျာဉ်ခြံများ၊ ပြည်သူများအသုံးပြုနေကြသည့် လမ်းများပေါ်တွင် ဖြစ်ပွား  နေခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။  

ထို့အပြင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် တည်ရှိရာ ရေးချောင်းဖျားဒေသဘက်တွင်လည်း မတ်လအတွင်းက  မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဒေသခံအများစုသည် ဥယျာဉ်ခြံစိုက်ပျိုးရေး အလုပ်ကိုသာ အဓိကထားလုပ်ကိုင်ကြသည့် ဖြစ်၍ ယခုကဲ့သို့ ခြံသွားရင်း မြေမြှုပ်မိုင်း မကြာခဏ နင်းမိနေသည့် ဖြစ်စဉ်များကြောင့်  စိုးရိမ်ကြောက်ရွံ့နေကြသည့် အပြင် ခြံလုပ်ရန်လည်း အခက်အခဲရှိနေသည်ဟု ဒေသခံများ က ပြောသည်။

“မိုင်း ခဏခဏ နင်းမိနေတော့ ဘယ်သူမှလည်း ခြံမသွားရဲကြတော့ဘူး။ ဒီမှာက ခြံပဲ လုပ်ကြတယ်လေ။ ခြံမသွားရဲတော့ဘူးဆိုရင် ဘာမှ လုပ်စရာမရှိတော့ဘူး ဒီအချိန်ကလည်း ခြံခုတ် ခြံရှင်းရမယ့်အချိန် အကုန်လုံး က အခက်အခဲဖြစ်ကုန်တာပေါ့” ဟု အလယ်စခန်းကျေးရွာခံတစ်ဦး က ပြောသည်။

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားနေသည့်ဒေသသည် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တို့ လှုပ်ရှားသွားလာနေသည့် ဒေသဖြစ်ပြီး နှစ်ဘက်တပ်ဖွဲ့အကြား နယ်မြေ အငြင်းပွားမှုများ  ဖြစ်ပွားနေသည့် နေရာဒေသလည်းဖြစ်သည်။

အဆိုပါ ဒေသတွင် ယခင်က မြေမြှုပ်မိုင်း နင်းမိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိပဲ ကရင်အမျိုးသားအစည်းအရုံး နှင့် မွန်ပြည်သစ်ပါတီ တို့အကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားပြီး နောက်ပိုင်းမှသာ ဖြစ်ပေါ်လာသည်ဟု  ဒေသခံများ က ပြောသည်။

သို့သော်လည်း မြေမြှုပ်မိုင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်တပ်များဖြစ်ကြသည့်  ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့သည့် ၎င်းတို့ ထောင်ထားခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်။

ရေဖြူမြို့နယ်အတွင်း မကြာခဏဖြစ်ပွားနေသည့် မြေမြှုပ်မိုင်းပေါက်ကွဲမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဖြေ ရှင်းနိုင်ရေး မွန်ပြည်သစ်ပါတီဘက်က အစိုးရတပ်မတော်နှင့်ရော၊ KNU နှင့်ပါ ညှိနှိုင်းဆွေးနွေးနေသော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘူးဟု NMSP က ပြောသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...