Covid-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် အစိုးရက ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခြင်းအစား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို သက်ဆိုင်ရာ နယ်မြေများအလိုက် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပြုလိုက်မည်ဆိုပါက ပို၍ ထိရောက်နိုင်မည်ဟု ရှမ်းပြည်နယ်ဒေသခံအချို့က ပြောသည်။
အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် Covid-19 ကာကွယ် ထိန်းချုပ်ကုသရေး ညှိနှိုင်းပူးပေါင်းရေးကော်မတီတစ်ရပ်ကို ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က ဖွဲ့စည်းလိုက်သည့်အပေါ် လုပ်ငန်းအောင်မြင်နိုင်မှုနှင့် ပတ်သက်၍ ဒေသခံများက သံသယရှိနေကြခြင်း ဖြစ်သည်။
SNLD ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွှန့် က “ကော်မတီဖွဲ့တာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် အလုပ်လုပ်ဖို့လိုတယ်ဗျာ။ ဖွဲ့တယ်ဆိုတဲ့နေရာမှာလည်း အလုပ်လုပ်နိုင်လောက်တဲ့ ယန္တရား ဖြစ်ဖို့ လိုတယ်၊ နာမည်ခံ ဖွဲ့ ရုံသက်သက် ဆိုရင်တော့ အလကားပဲပေါ့ဗျာ။ လုပ်ဆောင်ချက်က အရေးကြီးတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ရှမ်းမြောက်၊ လားရှိုးမြို့ ရှမ်းလူငယ် တက်ကြွလှုပ်ရှားသူ စိုင်းနော်ဆိုင်က “သူ့ခွင်နဲ့သူ၊ သူ့နေရာနဲ့ သူ လုပ်နေတာက ပြည်သူ လက်ထဲ ရောက်သေးတယ်” ဟုပြောသည်။
အပစ်ရပ်စာချုပ် - NCA လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးရေး လုပ်ဆောင်နေသည်ကို တပ်မတော်က ဟန့်တားမှုများ ရှိနေသည့်အတွက် အပစ်ရပ်မထားသည့် တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများတွင် အဆိုပါ ကော်မတီ၏ လုပ်ဆောင်မှုမှာ ပိုမိုခက်ခဲနိုင်သည်ဟု စိုင်းနော်ဆိုင်က ဆက်ပြောသည်။
“အဓိကကတော့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်း သူ့နယ်မြေနဲ့ သူပေါ့၊ ကျနော်တို့ သတင်းတွေမှာ တွေ့ရသလောက်တော့ သူ့ဟာနဲ့သူတော့ တတ်နိုင်သလောက် ကြိုးစားပြီးမှ လုပ်နေကြတာ၊ ဆိုတော့ ဒဲ့ ပြောရရင်တော့ မနှောက်ယှက်တာဘဲ ပြည်သူလူထုအတွက် အကောင်းဆုံး ဖြစ်မယ်လို့ ကျနော်ထင်တယ်။ နဂိုက သူ့ ဟာနဲ့သူ ပြည်သူက လက်ခံလို့ သူ့နယ်မြေ၊ ကိုယ့်နယ်မြေမှာ လှုပ်ရှားနေကြတာလေ၊ ဘာပဲပြောပြော ပြည်သူလူထုအတွက်ပဲ လုပ်နေတာလေ၊ ဆိုတော့ အကြောင်းမရှိ အကြောင်းရှာပြီးတော့ ပြဿနာ စစ်ရေးပဋိပက္ခဖြစ်အောင်တောင်မှ လုပ်နေတဲ့ဥစ္စာ။ အခုလည်း ယောင်ဝါးဝါး ပုံစံမျိုးနဲ့ ကော်မတီဖွဲ့တာ ဆိုတော့ ထိထိရောက်ရောက် လုပ်နိုင်မယ်မထင်ဘူး။ ယုံကြည်မှုလည်း မရှိလောက်ဘူး”ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလလယ်ခန့်က ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း Covid-19 ရောဂါ ကာကွယ်တားဆီးရေး ပညာပေးနေကြသည့် RCSS/SSA ၏ ကျန်းမာရေးအဖွဲ့ဝင်များကို တပ်မတော်၏ နယ်မြေခံတပ်က တားဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု RCSS/SSA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုမ်ခေး က ပြော သည်။
“ဟို အဟန့်အတား၊ ပိတ်ဆို့မှု၊ တင်းမာမှု ရှိခဲ့တာတော့ တစ်ခါပေါ့နော်။ အဲ့ဒါက နားလည်မှု လွဲလို့ဆိုပြီးတော့လေ။ အခုတော့ ပြန်လည် သဘောပေါက် နားလည်ပြီး အေးဆေးဖြစ်သွားပြီနော်”ဟု စိုင်းအုမ်ခေး က ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ သထုံမြို့ နယ် ထုံးဘိုကြီးကျေးရွာတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေး စစ်ဆေးရေးဂိတ်နှင့် ပတ်သက်ပြီး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက NCA သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် နယ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများ တွင် ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် KNU ဗဟိုဆက်ဆံရေးရုံးသို့ စာပေးပို့ ကန့်ကွက်မှုဖြစ်စဉ်များ ရှိခဲ့သည်။
အဆိုပါဖြစ်စဉ်များက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့် အစိုးရ ရောဂါကာကွယ်တားဆီးရေး အတူတကွ လုပ်ဆောင်ရန် အဟန့်အတား ဖြစ်စေနိုင်သည်ဟုဆိုသည်။
Covid-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်းထားသော်လည်း လုပ်ငန်းများကို မည်ကဲ့သို့ အကောင်အထည်ဖော်မည်ဆိုသည့် အချက်များ မပါဝင်သေးကြောင်း စိုင်းကျော်ညွှန့် ကပြောသည်။
RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူး ကြီးစိုင်းအုမ်ခေးက အစိုးရဖက်က အဆိုပါကိစ္စ ပူးပေါင်းလုပ်ဆောင်ရန် တစ်စုံတရာ ပြောဆိုလာခြင်းမျိုးမရှိသေးဟု ပြောသည်။
ဧပြီ ၂၇ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသည့် Covid-19 ကာ ကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ရေးကော်မတီတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာ တင်မျိုးဝင်း က ဥက္ကဋ္ဌ၊ ငြိမ်းချမ်း ရေးကော်မရှင် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော် ဦး (ငြိမ်း)က ဒု-ဥက္ကဋ္ဌ၊ တိုင်းရင်း သားလူမျိုးများ ရေးရာ ဒု-ဝန်ကြီး ဦးလှမော်ဦးက အတွင်းရေးမှူး၊ ငြိမ်းချမ်း ရေးကော်မရှင် အကြံပေးအ ဖွဲ့ဝင် ဦးမိုးဇော်ဦးက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
အဆိုပါထုတ်ပြန်ချက်အရ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ Covid-19 ကာကွယ် ထိန်းချုပ်ကုသ ရေး ဆိုင် ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း ၊ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများအား စစ်ဆေး စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သတင်းအချက်အလက် ဖလှယ်ခြင်း၊ ရောဂါလက္ခာပြသူ များအား စောင့်ကြပ်ကြည့်ရှု ကုသမှုပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားကြရန်ဖြစ်သည်။
ထို့အပြင် EAOs အခြေပြုရာ ဒေသများတွင် Covid-19 ဆိုင်ရာ အရေးပေါ်ဆောင်ရွက်ရန်ကိစ္စများ ပေါ်ပေါက် လာပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ လမ်းညွှန်ချက်နှင့် အညီ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်း စသည့် အချက်များပါဝင်သည်။







