ဒေသခံများ RCSS/SSA ၏ ထောက်ပံ့ပစ္စည်း လက်ခံလျှင် အရေးယူမည်ဖြစ်ကြောင်း တပ်က ခြိမ်းခြောက်သည်ဟု ဆို
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) ထောက်ပံ့သည့် COVID-19 ကာကွယ်ရေး ပစ္စည်းများလက်ခံရယူပါက အရေးယူ ခံရမည်ဖြစ်ကြောင်း ဒေသခံများအား တပ်မတော်က ခြိမ်းခြောက်သည်ဟု သတင်းရရှိသည်။
သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၄ မြို့နယ် အတွက် COVID-19 ကာကွယ်ရေး ပစ္စည်းများကို RCSS/SSA အဖွဲ့ က ဧပြီ ပထမပတ်က စတင်ကာ ကူညီထောက်ပံ့မှုများပေးခဲ့သည်။
COVID-19 ကာကွယ်ရန် အတွက် (RCSS/SSA) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့မှ ဦးဆောင်ပြီး မိုင်းပန်မြို့နယ်အတွင်း သွားရောက်လှူဒါန် းပေးအပ်စဉ် နောင်လေရွာ နှင့် မိုက်ပုတ်ရွာရှိရွာသားများအား ထောက်ပံ့ပစ္စည်း လက်မခံရန် အစိုးရတပ်မတော်က တားမြစ်ခြင်းခံရကြောင်း RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ပြောသည်။
“ RCSS ကျန်းမာရေးအဖွဲ့ကနေ လာပြီး ပညာပေးတာ ကာကွယ်ရေးပစ္စည်းလာပေးတာ လက်မခံရဘူး။ လက်က်ခံမယ်ဆိုရင် ခင်ဗျားတို့ကို အရေးယူမယ်။ ထောင်ချမယ် ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး က ဆိုသည်။
RCSS/SSA ၏ COVID-19 ထောက်ပံ့ပစ္စည်းများကို လက်ခံသည့် ဒေသခံများ ကို အစိုးရ တပ်မတော်မှ ထောင်ချမည် ဆိုသည့် ခြိမ်းခြောက်မှုများ မပြုလုပ်သင့်ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေးက သျှမ်းသံဆေင့်သို့ ပြောသည်။
“ အစိုးရ တပ်မတော် ဒီလို တားမြစ်တာ က ငြိမ်းချမ်းရေးတည်ဆောက်နေချိန်မှာ ယုံကြည်မှု ထိခိုက်နိုင်တယ်” ဟု ဒုဗိုလ်မှူးကြီး စဝ်အုမ်ခေး ကပြောသည်။
RCSS ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ( PMC) အဖွဲ့မှ ဦးဆောင်ပြီး သျှမ်းပြည်တွင်းရှိ ကိုဗစ် ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ Mask များ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေး လက်ကမ်းစာစောင်များကိုလည်း ကွင်းဆင်း ပညာပေးခဲ့ကြကြောင်း သိရသည်။
မိုင်းပန်မြို့ရောက်မိုက်ပုတ်ရွာသား လုံးစိုင်းက – “ ကျနော်တို့ကို ကျန်းမာရေးလာစစ်ပေးတယ်။ ကူညီထောက်ပံ့မှုပေးတယ်။ ကောင်းတဲ့လုပ်ရပ်ဘဲလေ ကျနော်တို့ယူရမှာပေါ့။ ဒီဘက်ကလည်း ကျနော်တို့ကို ပစ္စည်းတွေယူရင် ဖမ်းမယ်တဲ့ ။ ကျနော်တို့က ရွာသားတွေလေ။ လက်နက်ကိုင်သူမှန်သမျှကိုကြောက်ရတာပေါ့။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
ထိုနည်းတူ မိုင်းပန်မြို့နယ် နားဝန်ကျေးရွာအနီးတွင် ဧပြီ ၁၂ ရက်က RCSS/SSA ၏ ဆေးတပ်များသည် COVID-19 နှင့် ပတ်သက်ပြီး ကွင်းဆင်း စစ်ဆေးနေချိန် တွင် အစိုးရ တပ်မတော် နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းနှင့်ပတ်သက်ပြီး မိုင်းပန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့်က – “တိုက်ပွဲဖြစ်ပွါးခဲ့တဲ့ မိုင်းပန်မြို့ တောင် ဘက် မိုင် ၂၀ ကျော်အကွာ ကရှိတဲ့ ကျေးရွာတွေ မှာ မြို့နယ်ကျန်းမာရေးအဖွဲ့တွေ ရောက်ဖို့ခက်ခဲတဲ့နေရာဖြစ်တယ်။ အခုလို တိုက်ပွဲတွေ ထပ်ဖြစ်တော့ ကျန်းမာရေးဝန်ထမ်းတွေ ရောက်ဖို့ပိုလို့တောင်ခက်ခဲသွားစေပါတယ်။ အဲလိုဆိုရင်တော့ လူထုဘဲနစ်နာမှာပေါ့နော် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတဝှမ်း COVID-19 ကူးစက်ခံရသည့် လူနာသည် (၁၁၉)ဦးထိ ရှိလာပြီး သေဆုံးသူ ၅ ဦး ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ထုတ်ပြန်ချက် အရသိရသည်။







