မီမြာ၊ ဦးမြာ - လွိုင်ကော်မြို့နယ် လောပိတဒေသမှာ ကမ္ဘာတစ်ဝန်း လတ်တလော ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ပတ်သက်ပြီး လောပိတဖောင်ဒေးရှင်းအဖွဲ့နဲ့ ကျေးရွာဒေသခံများက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။
Mask တွေ၊ PPE ဝတ်စုံတွေ လိုအပ်နေသေးကြောင်း ကိုယ်တိုင်ပါဝင်ကူညီပေးနေသူ လောပိတဒေသခံ ဦးမြင့်မောင်မောင်က ပြောပါတယ်။
"ကာကွယ်ရေးပစ္စည်းတွေ ဘာမှ မရှိသေးဘူး။ ဆေးရုံမှာရော၊ ကူညီနေတဲ့ လူမှုအသင်းအဖွဲ့တွေမှာရော။ အခုက ပရဟိတအဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်နေတာ"လို့ သူက ဆိုပါတယ်။
လက်ရှိ လောပိတမှာ PPE ဝတ်စုံ နှစ်စုံရှိပြီဖြစ်ပြီး ငါးစုံခန့်ရှိရင် လုံလောက်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆေးနှင့် ဆေးပစ္စည်းဖြန့်ဖြူးမှု တွေ ပြုလုပ်နေပြီး ကယားပြည်နယ်ကို PPE ဝတ်စုံ ၃၀၀ ဧပြီ ၁ ရက်က ပေးလိုက်တယ်လို့ သိရပါတယ်။
ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေနဲ့ လောပိတမှာ အသိမျှဝေ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ပညာပေးဗီနိုင်းများ လိုက်လံချိတ်ဆွဲခြင်း၊ ညပိုင်းမှာ ကားနဲ့ လိုက်လံဟောပြောခြင်းများ ပြုလုပ်တာ ဧပြီလဆန်းရက်မှာ ခုနစ်ရက်ရှိပြီ ဖြစ်ပါတယ်။
ကယားပြည်နယ်တွင်း ပြည်ပမှ ဝင်ရောက်လာတဲ့ သူတွေကို Facility Quarantine ဆောင်ရွက်ထားပြီး မတ်လ လကုန်ရက်မှာ ၅၈၄ ဦး ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဧပြီ ၂ ရက် နံနက် ၉ နာရီခွဲထိ အခြေအနေဟာ စောင့်ကြည့်လူနာ ၅၉၅ ဦး၊ ပိုးတွေ့ရှိသူ ၁၆ ဦး၊ သေဆုံးသူ ၁ ဦး ရှိပါတယ်။







