ပြည်နယ်အခြေစိုက် သတင်းဝက်ပ်ဆိုဒ်အချို့ နေပြည်တော် ပိတ်

ပြည်နယ်အခြေစိုက် သတင်းဝက်ပ်ဆိုဒ်အချို့ နေပြည်တော် ပိတ်

Nang Seng Nom — တိုင်းရင်းသား နယ်မြေ အခြေစိုက် သတင်းဌာန မှ အွန်လိုင်း သတင်းစာမျက်နှာ အပိတ်ခံထားရကြောင်း သတင်းရရှိသည်။

မတ် ၂၃ရက်နှင့် ၂၄ရက် မှစတင်ကာ ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္ဇရာ သတင်း ဌာန နှင့် Development Media Group (DMG) တို့၏ အင်တာနက် စာမျက်နှာ ပိတ်ခံခဲ့ရသည်။

ထို အင်တာနက် စာမျက်နှာ ၂ခု ကို ဆက်သွယ်ရေး အော်ပရေတာ နှစ်ခု ဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေး (MPT) နှင့် Mytel ဖုန်း အင်တာနက် လိုင်းမှ ဝင်ရောက်ဖတ်ရှု၍ မရကြောင်း သိရသည်။

ထိုနည်းတူ ကရင်ပြည်နယ် အခြေစိုက် ကရင်သတင်းဌာန၏ Karen News အင်္ဂလိပ်ပိုင်းသတင်းစာမျက်နှာကို မတ် ၂၆ရက်မှ စကာ MPT ဖုန်းအင်တာနက်ဖြင့် ကြည့်ရှု၍ မရတော့ပေ။

တိုင်းရင်းသား သတင်းဌာန များ၏ အွန်လိုင်း သတင်းစာမျက်နှာ များ အပိတ်ခံထားရခြင်း၊ ဖတ်ရှုမရတော့ခြင်း ကို တိုင်းရင်းသား မီဒီယာ အဖွဲ့ ဖြစ်သည့် ( BNI) မှ မတ် ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌ၊ ကရင်သတင်းဌာန KIC၏ အယ်ဒီတာချုပ် နန်းဖော့ကေ က “ သတင်းထွက် တာဖြစ်တော့ တယ်လီနော အော်ရီဒူး တို့ နဲ့ ဝင်ကြည့်လို့ရပေမယ့် MPT ဖုန်းအင်တာနက်နဲ့ ဆို မရဘူး။ ရုံးမှာ တပ်ဆင်ထားတဲ့ MPT ဝိုင်ဖိုင်နဲ့ လည်း မရဘူး။ ဘာကြောင့် ဒီလိုဖြစ်တာလဲမသိဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထို ပိတ်ခံရသည့် အတွက် စာဖတ် ပရိသတ် အနေဖြင့် ဝင်ရောက် ဖတ်ရှု မရနိုင်သေးကြောင်း၊ သတင်းရေး သားသူများအတွက်လည်း စိတ်ကသိကအောင့် ဖြစ်ကြောင်း နန်းဖော့ကေ က ဆိုသည်။

ဆက်လက်ပြီး နန်းဖော့ကေ က “ ဒီလို နိုင်ငံအသွင်ကူးပြောင်းရေး ကာလ လည်းဖြစ် ကမ္ဘာ့ ကူးစက်ရောဂါ အတွက် အန္တရာယ် ရှိနေချိန် လည်းဖြစ်တဲ့အပေါ် သတင်းမီဒီယာရဲ့ တိကျ မှန်ကန်မြန်ဆန် စွာ သတင်းထုတ်လုပ်မှု က အရေးကြီးပါတယ်။ ဒါ့ကြောင့် ဆက်သွယ်ရေး အခန်းကဏ္ဍ ကို အားကောင်းအောင် လုပ်ဆောင်နေဖို့ လိုပါတယ်” ဟု လည်း ပြောလိုက်သည်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်သည့် COVID-19 အတွက် အရေးပေါ် ကာကွယ် စောင့်ကြည့် ကုသမှု များကို နိုင်ငံအသီးသီး တွင် စီမံချက် ဖြင့် အထူး သတိပြု ဆောင်ရွက်နေကြရာ မြန်မာနိုင်ငံ ၏ တိုင်းရင်းသား သတင်းဌာန များ၏ ပြည်သူ့များအသံ သတင်း အချက်အလက် မှန်များ အချိန်မှီ ရေးသားပေးပို့ ဖော်ပြမှု များမှာ အလွန် အရေးကြီး ကြောင်း BNI ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အရပ်သား အစိုးရ တစ်ရပ် ဖြစ်သည့် NLD အစိုးရ အနေဖြင့် လက်ရှိ ဖြစ်ပျက်နေသည့် သတင်းဌာနများ အပေါ် ဆက်သွယ်ရေး အော်ပရေတာ များက ဝက်ဆိုဒ် စာမျက်နှာ များကို ပိတ်ပင်မှု နှင့် ရခိုင် ၊ချင်းပြည်နယ်များတွင် အင်တာနက် လိုင်းများ ဖြတ်တောက်မှု ပြန်လည်ဖွင့်ပေးစေချင်ကြောင်း BNI က တိုက်တွန်းလိုက်သည်။

ထို့ပြင် လွတ်လပ်စွာ သတင်း ရယူခွင့်၊ ထုတ်ဖော်ရေးသားခွင့် အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ MPCအနေဖြင့် ကူညီဆောင်ရွက်ပေး သွားစေလိုကြောင်းလည်း BNI က ထပ်လောင်း တိုက်တွန်း ပြောဆို လိုက်သည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...