RCSS/SSA နှင့် အစိုးရတပ်ကြား စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ရွာသား အဖမ်းခံရ

RCSS/SSA နှင့် အစိုးရတပ်ကြား စစ်ရေးပဋိပက္ခကြောင့် ဒေသခံ ရွာသား အဖမ်းခံရ
Photo - RCSS
Photo - RCSS

ယိင်းယိင်း - သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်(RCSS/SSA) အပြန်အလှန် ပစ်ခတ်မှုနောက်ပိုင်း စစ်ရေးတင်းမာလျက်ရှိပြီး ကျေးလက်ဒေသခံလည်း ဖမ်းဆီးခံရကြောင်း သိရသည်။

"မိုင်းတုံဘက်မှာ ကျနော်တို့ တပ်စခန်းကို လာရောက်တိုက်ခိုက်ပြီးနောက်မှာ တပ်မတော်က မိုင်းအစ်ကျေးရွာ ဥက္ကဋ္ဌနဲ့ သူ့သားကို လမ်းပြအဖြစ် ဖမ်းသွားတယ်။ ရက်အနည်းငယ် ကြာတော့ သူ့သားကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အဖေဖြစ်သူကိုတော့ ခုချိန်ထိ ပြန် လွှတ်မပေးသေးဘူး"ဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

မိုင်းဆတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်(စကခ) အမှတ် ၁၄ လက်အောက်ခံ တပ်ရင်း သုံးရင်း ပူးပေါင်းကာ မိုင်းတုံမြို့နယ်ရှိ RCSS/SSA တပ်စခန်းကို မတ်လ ၂၅ ရက် နံနက်ပိုင်း ထိုးစစ်ဆင် တိုက်ခိုက်မှုနောက်ပိုင်း မိုင်းအစ်ကျေးရွာ ဥက္ကဋ္ဌနှင့် ၎င်း၏သားကို အစိုးရတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ပြောသည်။

"တိုက်ပွဲရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ပြည်သူလူထုကို အရင်ဆုံးထိခိုက်တာ အမှန်ပါပဲ။ ဒါကြောင့် RCSS ပဲဖြစ်ဖြစ်၊ တပ်မတော်ကပဲဖြစ်ဖြစ် ဘယ်တပ်ဖွဲ့မဆို ပြည်သူလူထုကို မတရား ဖမ်းဆီးနှိပ်စက်ခဲ့သည်ရှိလျှင် သက်သေအခိုင်အလုံနဲ့ ပြောရဲဆိုရဲရှိရမယ်"ဟု ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက မှတ်ချက်ပြုသည်။

လက်ရှိအခြေအနေမှာ မိုင်းတုံမြို့နယ်တွင် စစ်ရေးငြိမ်သက်နေသော်လည်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှု ရှိနေသည့်အတွက် တိုက်ပွဲ အချိန်မရွေး ဖြစ်နိုင်သည့် အနေအထား ရှိနေသည်။

ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက "လွယ်တောင်းတောင်ဘက်လည်း တပ်မတော်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်။ လွိုင်ဟွန်းတောင်ဘက်ဆိုလည်း မငြိမ်းချမ်းသေးတဲ့သဘော။ ဘယ်နေ့ဘယ်ချိန်မှာ တိုက်ပွဲထပ်ဖြစ်မလဲဆိုတာကိုလည်း ခန့်မှန်းလို့မရနိုင်သေးပါဘူး” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၃ ရက်အထိ အစိုးရ တပ်မတော်က အင်အား အလုံးအရင်းဖြင့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းရွာမမြောက်ဘက်  RCSS/SSA လွိုင်တောင်းတောင်တပ်စခန်းကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်သည့်အတွက် RCSS/SSA ဘက်က တပ်စခန်းမှ ဆုတ်ခွာပေးလိုက်ရသည်။

 RCSS/SSA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖြစ်သည်နှင့်အညီ အစိုးရ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါ COVID 19 ကူးစက်ပျံ့နှံ့နေသောကြောင့်  တွေ့ဆုံရန် မဖြစ်နိုင်သေးသည့် အနေအထားဖြစ်နေကြောင်း ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...