ကိုဗစ် ၁၉ ကြောင့် သျှမ်းပြည်သူများ သဘောထားကွဲလွဲမှု များလာ

ကိုဗစ် ၁၉ ကြောင့် သျှမ်းပြည်သူများ သဘောထားကွဲလွဲမှု များလာ

ကူးစက်မြန် COVID 19 ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းအစိုးရက နိုင်ငံကို Lockdown ချလိုက်ပြီး လူစုလူဝေးဖြစ်စေမည့် နေရာများကိုလည်း ခေတ္တပိတ်ထားရန် ကြေညာရာ အလုပ်လက်မဲ့ဖြစ်

အခက်ကြုံရသူ ပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားများနှင့် ရောဂါပြန့်ပွားကူးစက်မည်ကို စိုးရိမ်သည့် လူမှုအသိုင်းအဝိုင်းကြား သဘောထားကွဲလွဲမှုများ ဖြစ်လာနေသည်။

မြန်မာ့နိုင်ငံရေး၊ စီးပွားရေးအခက်အခဲကြောင့် ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား သန်းချီ၊ သျှမ်းပြည်သူ သိန်းချီ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည်။

ထိုင်းတွင် အလုပ်လက်မဲ့ဖြစ်၍ ပြည်တော်ပြန်လာသူ  သျှမ်းပြည်တောင်ပိုင်းမှ နန်းအွန်က“ကျမ ဒီ သင်္ကြန် အိမ်ပြန်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ အိမ်မပြန်ရတာလည်း နှစ်နဲ့ချီပြီလေ။ ဒါပေမယ့် ကူးစက်ရောဂါကြောင့် အလုပ်အကိုင်က မရှိတော့လို့ စောစောပြန်ဖို့ ဆုံးဖြတ်လိုက်တာ။ ထိုင်းမှာတုန်းကလည်း ကျမတို့က အနေဆင်းရဲ ၊ အစားဆင်းရဲ၊ ရုန်းကန် အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ ရပ်အတွင်း ရွာအတွင်း ကူညီပံ့ပိုးနိုင်ဖို့ အိမ်ကို အမြဲ ပိုက်ဆံပို့တယ်။ အခုရွာပြန်လာတော့ အိမ် ပေးမပြန်ဘူး။ ရပ်ကွက်လူကြီးကို သွားပြောရတယ် ။ ရွာပြင် လယ်တဲထဲမှာ နေခိုင်းတယ်။ လုံခြုံမှုမဲ့နေတယ်လို့ ခံစားရတယ်။ ဘယ်လောက်ဝမ်းနည်းဖို့ ကောင်းလဲ။ ကျမ အရမ်းဝမ်းနည်းမိတယ်”ဟု ပြောပြသည်။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသူ မတ်လ ၂၇ ရက်အထိ ၅ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။ ရောဂါပိုးရှိသူများသည် ပြည်ပမှ ပြန်လာသူများသာဖြစ်ကြောင်းလည်း ကြေညာချက်တွင်ဖော်ပြထားသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အုပ်စု ဥက္ကဋ္ဌ တစ်ဦးက  ရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာသားများကို မတ်လ ၂၅ ရက်တွင် ခေါ်ယူကာ ဤကဲ့သို့ ပြောသည်။

“အခု ငါတို့နိုင်ငံမှာ ရောဂါကူးစက်တဲ့သူတွေက နိုင်ငံခြားပြန်တွေပဲ။ သိထားတဲ့ စာရင်းအရဆို အမေရိကန်ပြန်၊ ဘိလပ်ပြန်တွေ။ အခုကလည်း တရုတ်ကနေ ထိုင်းကနေ ပြန်လာတဲ့သူတွေ တအား များနေတယ်။ တချို့ရွာတွေမှာဆိုရင် သူတို့အတွက် လုပ်ထားပေးတဲ့ ရွာပြင်တဲမှာ မနေချင်ကြဘူး။ တချို့တွေက နေအိမ်ကို ပြန်လာနေကြတယ်။ ဟိုဟိုဒီဒီ လျှောက်သွားကြတယ်။ ထုတ်ပြန်ထားတဲ့အတိုင်း အိမ်မှာချည်း ၁၄-၁၅ ရက် မနေဘူး”

ထိုသို့ ရပ်ဝေးမှ နေရပ်ပြန်လာကြသူများအနေဖြင့် မိမိကိုယ်ကို ၁၄ ရက် မထိန်းချုပ်ပါက အရေးယူမည်ဖြစ်ကြောင်းလည်း အုပ်စုဥက္ကဋ္ဌက ပြောသည်။

“ဒါကြောင့် ကျနော်တို့ (ကျေးရွာ)အုပ်စုက ရွာသားတွေကိုပြောထားချင်တာက နိုင်ငံရပ်ခြားကနေ လာမယ့် ဧည့်သည်တွေကို မိမိအိမ်သား မိသားစုဝင်ဖြစ်နေပါစေ၊ ရွာထဲပေးမဝင်သေးဘဲနဲ့ ရပ်ရွာ အုပ်ချုပ်သူကို သတင်း အရင်ပို့ရမယ်။ ရွာအပြင် လယ်ယာတဲထဲမှာ ၁၅ ရက်နေရမယ် ၊ တားမြစ်ချက်ကို ချိုးဖေါက်ရင် ပြစ်ဒဏ်ချမယ်။ ငွေဒဏ်ဖြစ်စေ အလုပ်ကြမ်းဖြစ်စေ နှစ်ခုလုံးဖြစ်စေ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမယ်။ ဒါ တစ်ရွာလုံး ရောဂါ ကင်းဝေးဖို့ပဲ ”  ဟု အုပ်စုဥက္ကဌက ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၏ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူများမှာ ၆၀ ကျော်အရွယ် ပိုမိုများပြားကြောင်းသိရသည်။

လင်းခေးခရိုင်နေ  ကျန်းမာရေးဝန်ထမ်း ဆရာမ နန်းဆီနွန်းက“ဒီရောဂါ က လူတိုင်းကူးစက်နိုင်ပေမယ့် ကူးစက်ခံရရင် လူတိုင်းသေမယ် ဆိုတာတော့မဟုတ်ပါဘူး။ အများအားဖြင့် ကိုယ်ခံအား နည်းတဲ့ သက်ကြီးမိဘတွေ ရောဂါ အခံရှိသူတွေ အတွက်သာစိုးရိမ်ရတယ်။ သာမာန်လူငယ်တွေမှာကိုယ်ခံအားကောင်းလို့ ရောဂါကူးစက်ခံရရင်တောင်မှမသေနိုင်ပါဘူး။ အဓိကကတော့ အိပ်ရေး ၀၀ အိပ်မယ်၊ အာဟာရ ပြည့်တဲ့ အစားအစာတွေစားမယ်၊ အိမ်တွင်းအောင်းမယ်ဆိုရင် လွန်လွန်ကဲကဲ ကြောက်နေဖို့ မလိုပါဘူး၊ သတိရှိရှိနဲ့ လက်တွဲ ပူးပေါင်း ကိုင်တွယ်ဖြေရှင်းဖို့ပဲ လိုတယ် ” ဟု တိုက်တွန်းသည်။

 သျှမ်းပြည်အတွင်း COVID 19 သံသယဖြင့် စောင့်ကြည့်ခံနေရသူ မတ်လ ၂၇ ရက်အထိ ၅၀ ဦးရှိပြီး  တရုတ်နိုင်ငံမှ ပြန်လာသူ ၂၆ ဦး၊ ထိုင်းပြန်၁၈ ဦး၊ အင်္ဂလန်ပြန်၁ ဦး၊ အိန္ဒိယပြန် ၁ ဦး နှင့် သျှမ်းပြည်တွင်းသာ နေထိုင်သူ ၉ ဦးဖြစ်ကြောင်း သျှဲန်ပိုင်သတင်းဌာနက ဖော်ပြထားသည်။ သို့သော်လည်း ရောဂါပိုးကူးစက်သူ မရှိသေးကြောင်း၊ သံသယရှိသူ အနေအထားတွင် သေဆုံးသွားသူသာရှိကြောင်းလည်း ဖော်ပြထားသည်။

ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အဆင့်၊ ဒေသန္တရအဆင့်အထိ ကွင်းဆင်းပညာပေးနေသည့်အပြင် ရောဂါကူးစက်ခံရသည်ဟုယူဆသည့် သူများလည်း သီးသန့်ခွဲထုတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ရှိနေကြောင်း သိရသည်။

လက်ရှိထိုင်းနိုင်ငံတွင် COVID 19 ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိနေပြီး သေဆုံးသူမှာ ၅ ဦးရှိပြီဖြစ်ပါသည်။ ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းအစိုးရကလည်း မတ်လ ၂၆ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ အရေးပေါ် ကြေငြာချက် ထုတ်ပြန်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကြေငြာထားသည်။

ကမ္ဘာ့ကပ်ရောဂါ COVID 19 သည် နိုင်ငံပေါင်း ၁၉၆ နိုင်ငံတွင် ကူးစက်နေပြီး မတ်လ ၂၇ ရက်အထိ ကူးစက်ခံရသူ ၅ သိန်းကျော်၊ သေဆုံးသူ ၂ သောင်းကျော်ရှိပြီဖြစ်ကြောင်း worldometer ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သေဆုံးသူများ ထက်၀က်ကျော်မှာ ဥရောပနိုင်ငံအတွင်းဖြစ်ပြီး လက်ရှိတွင်အမေရိကန်နိုင်ငံက ကူးစက်မှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...