Covid-19 ကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ရပ်ဆိုင်းခံရ

Covid-19 ကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်ရပ်ဆိုင်းခံရ
Photo by Wassana Nanuam/ ထိုင်း စစ်တပ်မှ ဘန်ကောက်မြို့တွင်း ပိုးသတ်ဆေးဖြန်းနေသည့်ပုံ
Photo by Wassana Nanuam/ ထိုင်း စစ်တပ်မှ ဘန်ကောက်မြို့တွင်း ပိုးသတ်ဆေးဖြန်းနေသည့်ပုံ

Covid-19 ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ် ရပ်ဆိုင်းခံရကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှ စတင်လာသည့် Covid-19 အဆုတ်ရောင် ကူးစက်မြန် ရောဂါသည် နိုင်ငံပေါင်း ၁၅ဝကျော် ကူးစက်ခံနေရသည်။ ထိုထဲတွင် ထိုင်းနိုင်ငံလည်း အပါအဝင်ဖြစ်သည်။

Covid-19 ကြောင့် စားသောက်ဆိုင်များ၊ ခရီးသွားလုပ်ငန်းများ၊ ကျောင်းများ ပိတ်ဆိုင်းခဲ့ရသဖြင့် ရွှေ့ပြောင်းအလုပ်သမားများလည်း အလုပ် ရပ်နားရကြောင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။

“ ကျမ ဒီလက စပြီး အလုပ်နားလိုက်ရတယ်။ အဓိကတော့ Covid-19 ဖြစ်လာတော့ တရုတ်တွေကလည်း မလာတော့ဘူး။ ဒါနဲ့ အလုပ်ရှင်က အလုပ်သမား လျှော့လိုက်တာ။ အဲဒီမှာ ကျမ ပါသွားတယ်” ဟု ချင်းမိုင်မြို့ ထိုင်းရိုးရာ အနှိပ်ခန်းတွင် အလုပ်လုပ်သည့် နန်းလင်း က ပြောသည်။

လက်ရှိမှာ ရွှေ့ပြောင်းအလုပ်သမားများသည် အလုပ်သမားကဒ် သက်တမ်းတိုးရသည့် ကိစ္စရပ်များလည်း ရှိကြောင်း၊ ထိုကိစ္စများကို အလုပ်ရှင်များက မပြုလုပ်ပေးစေချင်သည့် သဘောလည်း ပါကြောင်း နန်းလင်း ကပြောသည်။

“အလုပ်ရှင်ကလည်း တရုတ်ခရီးသွားတွေ မလာတော့ သူလည်း အခက်ကြုံနေရတယ်။ ကျမတို့ကျတော့ အလုပ်သမားကဒ် သက်တမ်း တိုးရတာတွေလည်း သူတို့က ထပ်မရှုပ်ချင်တော့ အလုပ်နားခိုင်းလိုက်တာပါ” နန်းလင်း ကဆိုသည်။

လက်ရှိ အလုပ်ရပ်နားလိုက်ရသဖြင့် လစာမရသည့်အပြင် လစဉ် သုံးစွဲနေရသည့် အိမ်လခ၊ ကျောင်းလခများအတွက် စိုးရိမ်ပူပန်နေရကြောင်းလည်း သူမကဆိုသည်။

“ကျမ ကျောင်းက တစ်ဖက်နဲ့ဆိုတော့ ဘာ ဆက်လုပ်ရမှန်း မသိဘူး။ အလုပ်ကလည်း ရှားတော့ ဘာဆ က်လုပ်ရမှန်းမသိဘူး။ Covid-19 ကလည်း ရှိတော့ အရမ်း ခက်နေတယ်” ဟု နန်းလင်းကဆိုသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် Covid-19 ကူးစက်ခံရသူ ၃၂၂ ဦးရှိနေပြီး ထိုထဲတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အဓိက လာရောက်လည်ပတ်သူ ၇၀ ရာခိုင်နှုန်းသည် တရုတ်လူမျိုးများဖြစ်သည်။ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနစ်နှစ်ကုန်ပိုင်း မှ စတင်ကာ Covid-19 ဖြစ်ပွားခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်မည့် တရုတ်လူမျိုးများ မရှိသလောက်နည်းပါးသွားသဖြင့် ထိုင်းနိုင်ငံ စားသောက်ဆိုင်အများစု လွန်ခဲ့သည့် နှစ်လ တွင် အလုပ်သမား အလုပ်ချိန် လျှော့ချ ခဲ့ရာ ယခုနောက်ပိုင်း ရွှေ့ပြောင်းအလုပ်သမား အလုပ်လက်မဲ့ ဖြစ်ရသည့် အဆင့် ရောက်သွားသည် ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် စိုင်းဆေးတိုင်းက ပြောသည်။

“ အရင် နှစ်လ က တရုတ်တွေ မလာလို့ စားသောက်ဆိုင်တွေ အလုပ်သမားရဲ့ အလုပ်ချိန်လျော့လိုက်တယ်။ တစ်လကို ၁၅ရက်ပဲ လုပ်ရတယ်။ အခု လကျတော့ အလုပ်ပါ နား၊ အလုပ်ထွက်ရတယ်” ဟု စိုင်းဆေတိုင်းက ပြောသည်။

Covid -19 သည် အဖက်ဖက် ထိခိုက်မှုရှိသော်လည်း ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိခိုက်မှု များကြောင်း၊ လက်ရှိအချိန်သည် အလုပ်မရှိသည့်အခါ ဝင်ငွေ မရှိသကဲ့သို့ အလုပ်သမားသက်တမ်းတိုး ကဒ် လုပ်ဆောင်ရန်လည်း ခက်ခဲလာနိုင်ကြောင်း စိုင်းဆေတိုင်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ကူညီပေးနေသည့် MAP ဖောင်ဒေးရှင်း မှ စိုင်းဆိုင်မိန်း က “ Covid-19 က အဖက်ဖက်ကို ထိခိုက်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားပဲမဟုတ်ပါဘူး။ အလုပ်သမား အနေနဲ့ တော့ သတိထားပြီးနေဖို့တော့လိုပါတယ်။ နောက် သေချာ မှန်ကန်တဲ့သတင်းတွေ အမြဲနားထောင်ပါ။ အရမ်း လည်း ထိန့်လန့်မှုတွေ မဖြစ်စေချင်ဘူး” ဟု ပြောဆိုလိုက်သည်။

ယခုနောက်ပိုင်း အလုပ်ရပ်နားခံရသဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား များစုသည် မိမိနေရပ်သို့ပြန်သွားရသည့် သူများရှိကြောင်း သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...