နမ့်ခမ်းမြို့နယ် တိုက်ပွဲပြင်းထန်၊ နှစ်ဦး သေဆုံး

နမ့်ခမ်းမြို့နယ် တိုက်ပွဲပြင်းထန်၊ နှစ်ဦး သေဆုံး
Photo Credit to PSLF/TNLA
Photo Credit to PSLF/TNLA

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နေရာ ငါးခုတွင် တိုက်ပွဲများ ဖြစ်ပွားကာ နှစ်ဦး ကျဆုံးကြောင်း သတင်းရရှိသည်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အစိုးရ တပ်မတော်၊ ပန်းဆေး ပြည်သူ့စစ်တို့ မတ်လ ၁၅ ရက် နံနက် ၅ နာရီမှ ညနေပိုင်းထိ ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နမ့်ခမ်းမြို့နယ်ထဲက နေရာ ၅ နေရာ ဖြစ်ပါတယ်။ လက်နက်ကြီးတွေက နေအိမ်တွေ၊ ဈေးတွေထဲ ကျတယ်။ အခုထိ တိုက်ပွဲက ဖြစ်နေတုန်းပါ ” ဟု ခိုလုံ လီရှော လူငယ်အဖွဲ့ မှ တာဝန်ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာများမှာ လီရှောမန်ပန်ရွာ၊ ရှောက်ကုန်းကန်ရွာ၊ ပန်းဆေးရွာ၊ တာကွန်ရွာနှင့် မန့်မိုင်ကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။

“မန့်မိုင်မှာက နှစ်ဦး သေတယ်။ အရပ်သားတွေ ပိတ်မိနေသေးတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုတိုက်ပွဲသည် TNLA မှ စတင်တိုက်ခိုက်လာပြီး ပန်းဆေးပြည်သူ့စစ်အနေဖြင့် မိမိတပ်စခန်းကို ကာကွယ်ရသဖြင့် ပြန်လည်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ အစိုးရ တပ်မတော် တပ်သားများ ပါဝင်ခြင်း ရှိ မရှိ မသိရှိသေးကြောင်းလည်း ဒေသခံက ပြောသည်။

TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က “ တိုက်ပွဲက နေရာ ၃ နေရာ ၅ နေရာလောက် ဖြစ်တယ်။ ဖြစ်တဲ့နေရာတွေက ပန်းဆေး ပြည်သူ့စစ်စခန်းဝန်းကျင်မှာ ဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုက်ပွဲဖြစ်ရသည့် အကြောင်းရင်းမှာ TNLAအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်နေစဉ် အစိုးရ တပ်မတော်နှင့် ပန်းဆေး ပြည်သူ့စစ်တို့က စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

“မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်တိုင်း တိုက်ပွဲက ပြင်းထန်ပါတယ်။ သေဆုံးဦးရေကတော့ ကျနော် စာရင်း အတိအကျ မသိရသေးဘူး” ဟုလည်း ဗိုလ်မှူး တားအိုက်ကျော်ကဆိုသည်။

တိုက်ပွဲ အခြေအနေကို တပ်မတော် သတင်းမှန် ပြန်ကြားရေးထံ သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။

သေဆုံးသူ နှစ်ဦးသည်လည်း အရပ်သား ဟုတ်မဟုတ် အတိအကျ မသိရသေးပေ။

တိုက်ပွဲသည် နမ့်ခမ်းမြို့ နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးကြောင်း သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...