သျှမ်းပြည်နယ်လွှတ်တော်တွင် သတင်းယူသည့် သတင်းမီဒီယာသမားများ အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
လွှတ်တော်အစည်းအဝေးခန်းမထဲတွင် လွတ်လပ်စွာ သတင်းယူပိုင်ခွင့် မရှိကြောင်း၊ လွှတ်တော်အစည်းအဝေး သတင်းရယူမည်ဆိုပါက သက်ဆိုင်ရာ အဆင့်ဆင့် စာတင်ပြရသည်မှာလည်း အခက်အခဲရှိနေကြောင်း တောင်ကြီး သတင်းထောက်အသင်း အလုပ်အမှုဆောင် ခွန်ရာဇာက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“လွှတ်တော်ထဲကို ဝင်လို့ရတာက MRTV, Sky Net ပဲ။ ကျန် မီဒီယာတွေ ဝင်လို့ မရဘူး” ဟု ခွန်ရာဇာက ဆိုသည်။
သတင်းရယူလိုပါက မှတ်ပုံတင်မိတ္တူ ၊ မီဒီယာကတ်ပြား အပတ်စဉ် တင်ပြရကြောင်း ခွန်ရာဇာက ပြောသည်။
“အဝေးက သတင်းသမားတွေ စာ ကြိုမတင်လို့ သတင်းယူခွင့် မရခဲ့ဘူး။ နောက် လွှတ်တော် အတွင်းမှာ ဝင်လို့ မရဘူး။ လွှတ်တော် အောက်ထပ်မှာ ရှိတဲ့ မီဒီယာ အခန်းထဲမှာ TV ထိုင်ကြည့်ပြီး သတင်းယူရတယ်။ ဓာတ်ပုံ ကောင်းကောင်း မရဘူး၊ ရုပ်သံ ရိုက်လို့ မရဘူး။ အသံစနစ် မကောင်းဘူး” ဟု ခွန်ရာဇာက ရှင်းပြသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌကို မတ် ၁၁ ရက်တွင် ပြောပြထားကြောင်းလည်း သူက ဆက်လက်ပြောသည်။
သျှမ်းပြည်လွှတ်တော်သည် ယခင်အစိုးရလက်ထက်ကထက်ပင် သတင်းယူခွင့် ခက်ခဲကြောင်း၊ စည်းမျဉ်းစည်းကမ်း အကန့်အသတ် များစွာချထားကြောင်း၊ လွတ်လပ်ခွင့်လည်း မရှိကြောင်း သျှမ်းပြည် သတင်းထောက်အသိုင်းအဝိုင်းတွင် ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
“လွှတ်တော်က သွားသာ သွားရတာ။ လွှတ်တော်ထဲ ပေးမဝင်ဘူး။ လွှတ်တော်အောက်က TV ပဲ ကြည့်ရတယ်။ အသံ မကောင်းဘူးလေ။ လွှတ်တော်သတင်း မရေးစေချင်တဲ့သဘောလား မသိဘူး” ဟု အမည်မဖော်လိုသည့် သတင်းထောက် တစ်ဦးကလည်း ပြောသည်။
ယခင် သမ္မတ ဦးသိန်းစိန်သက်တမ်းတွင် မီဒီယာကတ်ပြားပါရှိလျှင် လွှတ်တော်အတွင်း ဝင်ရောက် သတင်းယူနိုင်ကြောင်း၊ ယခု အစိုးရသက်တမ်းတွင် လွှတ်တော်အတွင်းသို့ မီဒီယာများကို ဝင်ရောက်ခွင့် မပြုကြောင်းလည်း သိရသည်။
လွှတ်တော်ထဲတွင် လွတ်လပ်လွယ်ကူစွာ သတင်းရယူနိုင်ရန်အတွက် တောင်ကြီး အခြေစိုက် သတင်းသမားများ လွန်ခဲ့သော၂၀၁၆ ခုနှစ်က ဆန္ဒပြတောင်းဆိုခဲ့ဖူးသည်။







