မိုင်းကိုင် စစ်ရှောင်တစ်ဦး ကျပ် ၂၁၀၀ သာ သျှမ်းပြည်အစိုးရ ကူညီ

မိုင်းကိုင် စစ်ရှောင်တစ်ဦး ကျပ် ၂၁၀၀ သာ သျှမ်းပြည်အစိုးရ ကူညီ
Photo by ဒေသခံတစ်ဦး/  တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများ
Photo by ဒေသခံတစ်ဦး/ တိုက်ပွဲကြောင့် စစ်ရှောင်လာသည့် ပြည်သူများ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ရှောင်နေစဉ် နေအိမ်၊ ဈေးဆိုင်များ ဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်းပေါင်းရာချီ ဆုံးရှုံးခဲ့သည့် စစ်ရှောင်ပြည်သူများအား သျှမ်းပြည်အစိုးရက တစ်ဦးလျှင် ကျပ်ငွေ ၂၁၀၀ ကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၂၇ ရက်ကစတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား သဖြင့် ဒေသခံ ပြည်သူ ၅၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရသည်။

မတ်လ ၃ ရက်က တိုက်ပွဲအခြေအနေ ငြိမ်သွားသဖြင့် စစ်ရှောင်များ မိမိနေရပ်သို့အသီးသီး ပြန်သွားကြသော်လည်း ကုန်းညောင်ဖာဆားကျေးရွာသားများမှာမူ စစ်ရှောင်နေစဉ်အတွင်း နေအိမ်များ ကျည်ဆံထိမှန်သကဲ့သို့ ရွာအတွင်းဝင်ရောက်စခန်းချသည့် အစိုးရ စစ်ကြောင်းမှ စစ်သားများ ဝင်ရောက်မွှေနှောက်သဖြင့် ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မိုင်းကိုင်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းပန် က “ တယောက်ကို ၂၁၀၀ ကျပ်ရတယ်။ ၇ ရက်စာ အတွက်ပေးတာ။ အိမ်ကျည်ထိတဲ့ ၈ အိမ်ကိုတော့ တစ်အိမ်ကို ၅သောင်းပေးတယ်။ လူ/ကယ်/ပြန်က လာပေးတာပါ” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဒေသခံတို့၏ နေအိမ်များသို့ အစိုးရစစ်ကြောင်း စစ်သားများက ဝင်ရောက်မွှေနှောက်ပြီး ယူဆောင်သွားသည့် ပစ္စည်းများကို မည်သူ လာရောက် လျော်ပေးမည် မသိရှိသေးကြောင်း၊ ဆုံးရှုံးသွားသည့် ပစ္စည်းတန်ဖိုး လျော်ကြေးငွေ လက်ရှိအချိန်ထိ မရသေးကြောင်း စိုင်းပန်ကပြောသည်။

“ဘယ်သူ့ကို သွားပြောရမှန်း၊ ဘယ်ဆီကိုသွားတိုင်ရမယ်မှန်းတောင်မသိတော့ဘူး။ တော်တော်ခက်တယ်။ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေဖိုးတွေ မရသေးဘူး ” ဟု စိုင်းပန် က ဆိုသည်။

ယခင် RCSS/SSA တပ်စခန်းချသည့် လွိုင်တောင်း တောင်ပေါ် စခန်းကို လက်ရှိမှာ အစိုးရ တပ်မတော် စခန်းချနေထိုင်နေပြီး တပ်စခန်း ပြုလုပ်ရန် အတွက် ကျေးရွာ ပြည်သူများကို သစ်များ၊ ဝါးများ သယ်ဆောင်ခိုင်းခြင်း၊ ကားများ ကို ချောဆွဲခြင်းတို့ ပြုလုပ်နေသည် ဟုလည်း စိုင်းပန် က ဆက်လက် ပြောပြသည်။

“ လွိုင်တောင်း တပ်စခန်းကို ရေ တင်ဖို့ သစ်တွေ တင်ဖို့ အတွက် ကားတွေ ထော်လာဂျီတွေကို ချောဆွဲ နေတယ်။ အခု ကျနော်စိတ်ပူနေတယ်။ အရင်ခေတ်ကလို ပြန်ဖြစ်မှာ ကြောက်တယ်”ဟုလည်းဖြည့်စွက်ပြောသည်။

တိုက်ပွဲ ကြောင့် ကုန်းညောင်ဖာဆားကျေးရွာ ပြည်သူများ စစ်ရှောင်နေစဉ် နေအိမ်များ၊ ဈေးဆိုင်များ ရွာလုံးကျွတ် ဝင်ရောက်မွှေနှောက်ခံထားရကြောင်း၊ စုစုပေါင်း တန်ဖိုး ငွေ ၁၀၀ ကျော် ဆုံးရှုံးထားကြောင်း ကုန်းညောင်ဖာဆား ဒေသခံ အိုက်စိုင်း က ပြောသည်။

“ တန်ဖိုးကြီးပစ္စည်းတွေကတော့ ဆိုင်ကယ်အသစ် ၃စီး၊ သစ်ဖြတ်စက်၊ မြက်ရိတ်စက်တွေပေါ့။ ဆိုင်ကယ် ၁ စီးက ကျနော်တို့ ရွာကို လာပြီးစာသင်ပေးတဲ့ ကျောင်းဆရာမအတွက် ဝယ်ထားပေးတာလည်း ပါသွားတယ်” ဟု အိုက်စိုင်းက ပြောပြသည်။

ကျန် ပစ္စည်းများဖြစ်သည့် အစားအသောက်၊ အဝတ်အစား၊ ရွှေထည် ငွေထည်များလည်း ယူဆောင်သွားကြကြောင်း သိရသည်။

တိုက်ပွဲကြား ဆုံးရှုံးသွားသည့် ပစ္စည်းများ အစိုးရတပ်မတော်မှ ယူဆောင်သွားသည့် ပစ္စည်းများ၏ စာရင်းသက်ဆိုင်ရာသို့ ပို့ဆောင်ပေးထားသော်လည်း တစ်စုံတရာ ပြန်လည် အကြောင်းကြားလာခြင်းမရှိသေးသကဲ့သို့ လျော်ကြေးငွေလည်း လက်ရှိအချိန်ထိ မရသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...