ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့သို့ လာရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အယုံအကြည်မရှိကြောင်း ကန့်ကွက်စာများ မြို့အနှံ့ ဖြန့်ဝေခဲ့ကြောင်း တွေ့ရသည်။
လားရှိုးမြို့သို့ မတ်လ ၁၀ ရက် နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် လူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ကြောင်း သိရသည်။ လူထုတွေ့ဆုံပွဲ ပြုလုပ်နေချိန်အတွင်း 'ဒေါ်အောင်ဆန်းစုကြည်အား လက်မခံ၊ အယုံအကြည်မရှိ' ဟူသည့် စာများ လားရှိုးမြို့အနှံ့ ဖြန့်ဝေခဲ့ကြသည်။
ထို ကန့်ကွက်စာတွင် “ WE NEVER BELIEVE NEO-NAZI MA MA!” “အောင်ဆန်း ကတိ၊ အောင်ဆန်းသမီး မတည်” “ ရက်ပေါင်း ၉၀ နေရုံနဲ့ မဲပေးခွင့် ဘယ်လဲ ဘာလဲ” အစရှိသဖြင့် ရေးသားထားကြသည်။ ခေတ်သစ်နာဇီစနစ်ဖြင့် သျှမ်းပြည်ကို ပင်လယ်ပြင် မလုပ်ရန် ၊ သျှမ်းပြည်အတွင်း ရေကာတာ တည်ဆောက်မှုများ ဆက်မလုပ်ရန် အစရှိသည်တို့လည်း ရေးသားထားကြောင်း သိရသည်။
ကန့်ကွက်စာများကို လူသွားလူလာ ထူထပ်သည့် နန်းဟေဝန် ပန်းခြံလမ်း၊ လားရှိုးမြို့အဝင် မုခ်ဦး၊ NLD ပါတီရုံးရှေ့နှင့် နားမခေါ် ယာဉ်ရပ်နားစခန်းတို့တွင် ဖြန့်ဝေထားသကဲ့သို့ လမ်းဘေး ဓာတ်တိုင်များတွင်လည်း ကပ်ထားကြကြောင်း ဒေသခံများက ပြောသည်။

ဓာတ်တိုင်တွင် ကပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် အယုံအကြည်မရှိ စာ
“ကန့်ကွက်စာတွေ ကို လမ်းဘေး ဓာတ်တိုင်မှာ ကပ်ထားတာတွေ့ရတယ်။ နောက် နားမခေါ် ယာဉ်ရပ်နားစခန်းမှာတွေ့တယ်။ ဘယ်သူလာချသွားလဲတော့မသိဘူး။ ၉ နာရီကျော်က စမြင်တာ” ဟု လားရှိုးမြို့မှ ယာဉ်မောင်းတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
လားရှိုးမြို့တော်ခန်းမ လူထုတွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အဓိကအနေဖြင့် လုံခြုံရေးနှင့် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုအကြောင်း ပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားသွားမည်ဟု သိရသည်။
၂၀၂၀ ရွေးကောက်ပွဲကာလလည်း နီးကပ်လာပြီ ဖြစ်သဖြင့် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ပြုလုပ်နေသည့် သဘောရှိကြောင်း၊ ပြည်သူ့တွေ့ဆုံပွဲတွင်လည်း တိကျသည့် ပြောဆိုမှု မရှိကြောင်း လူထုတွေ့ဆုံပွဲ တက်ရောက်သူများက ပြောသည်။
“အစကတည်းက တွေ့ဆုံပွဲ၊ ဆွေးနွေးပွဲ မဟုတ်ဘူးလို့ သူတို့ ပြောပြီးသားပါ။ အခုက ၂၀၂၀ ရွေးကောက်ပွဲလည်း နီးတော့ မဲဆွယ်ခရီးလားလို့တောင် သံသယဖြစ်စရာ ရှိတယ်လို့” ဟု လူထုတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ စိုင်းအောင်က သျှမ်းသံတော်ဆင့်သို့ပြောသည်။
ဆက်လက်ပြီး လက်ရှိမှာ ကမ္ဘာတဝန်းလုံး စိုးရိမ်ထိတ်လန့်နေသည့် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးပွဲများ မပြုလုပ်ရန်၊ မသွားရန် သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် လူထုတွေ့ဆုံပွဲ ကျင်းပနေသည်မှာ စဉ်းစားစရာဖြစ်ကြောင်းလည်း လားရှိုးပြည်သူများက ပြောဆိုလိုက်သည်။
“လားရှိုးက တရုတ်ပြည်နဲ့နီးတယ်။ ခိုရိုနာကြောင့် လူစုလူဝေးတွေ မလုပ်ဖို့ ထုတ်ပြန်တယ်။ နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင်က လူစုလူဝေး ပြုလုပ်တယ်ဆိုတော့ စဉ်းစားစရာပါပဲ” ဟု လားရှိုးဒေသခံ နန်းနန်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်လာပါက လူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ယင်း လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့သေးကြောင်း သိရသည်။







