RCSS/SSA နှင့် အစိုးရတပ်တို့ တွေ့ဆုံပြီးနောက်ပိုင်း တိုက်ပွဲ ၁၈ ကြိမ် ဖြစ်ပွား

RCSS/SSA နှင့် အစိုးရတပ်တို့ တွေ့ဆုံပြီးနောက်ပိုင်း တိုက်ပွဲ ၁၈ ကြိမ် ဖြစ်ပွား
 Photo by Tai Freedom
Photo by Tai Freedom

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရတပ်မတော်တို့ မတ်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးကြပြီးနောက် သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း တိုက်ပွဲ ၁၈ ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

“တွေ့ဆုံမှုနောက်ပိုင်း တိုက်ပွဲက လျှော့လာပေမယ့် ၁၈ ကြိမ်တော့ ဖြစ်ခဲ့တယ်။ ကျနော်တို့ တပ်သားတွေ ဒဏ်ရာရတာလည်း ရှိတယ်။ အစိုးရတပ်ဘက်လည်း သေတာ ဒဏ်ရာရတာ ရှိတယ်” ဟု  RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။

RCSS/SSAနှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု လွိုင်တွန်းတောင်ကြော၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။

မတ် ၁ ရက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုအပြီး RCSS/SSA က လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်မည်ကို စိုးရိမ်သဖြင့် လွိုင်တွန်းစခန်းမှ တပ်ဆုတ်ပေးခဲ့သည်။ သို့သော် တိုက်ပွဲ ဆက်လက် ဖြစ်ပွါးခဲ့သေးကြောင်းဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အစိုးရ တပ်ရဲ့ သေနတ် ၁၀ လက် လောက် ကျနော်တို့ ရထားတယ်။ MA သေနတ်အမျိုးအစား ပိုများတယ်” ဟု စိုင်းခမ်းစံက ထပ်လောင်းပြောသည်။

လက်ရှိမှာ တိုက်ပွဲ ငြိမ်သက်နေသော်လည်း အစိုးရ တပ်မတော်၏ စစ်ကြောင်းများ ကျေးရွာအတွင်း လှုပ်ရှားနေဆဲဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်သည့် တိုက်ပွဲသည် မိုင်းကိုင်မြို့နယ်အရှေ့ဘက် ကျေးသီးမြို့နယ်ထိ ပျံ့နှံ့ခဲ့ပြီး မတ် ၂ ရက်နေ့တွင် ကျေးသီး- မိုင်းနောင် ကားလမ်းကို အစိုးရတပ်မတော်က ပိတ်ထားလိုက်သည်။ အဆိုပါ လမ်းပိတ်မှုကြောင့် ခရီးသည်များ သွားလာမှု ခက်ခဲနေကြောင်းလည်း ကျေးသီးမဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိဏ်းက ပြောသည်။

ထိုတိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၅၀၀ ကျော် ရှိပြီး ကျေးသီးမြို့ အတွင်းရှိ ဘုန်းကြီးကျောင်းတွင် ၁၆၀ ကျော် ရှိကြောင်း သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...