ကျေးရွာ ပြန်မည့် စစ်ရှောင်များကို တပ်မတော် ဟန့်တား

ကျေးရွာ ပြန်မည့် စစ်ရှောင်များကို တပ်မတော် ဟန့်တား

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များ မိမိနေရပ်သို့ အခြေအနေ ပြန်ကြည့်ရန် မတ်လ ၄ ရက်နေ့က သွားစဉ် တပ်မတော်က ဟန့်တားခဲ့ရကြောင်း သတင်းရရှိသည်။

“မနေ့(မတ်လ ၄ ရက်)က ကျနော်တို့ ကုန်းညောင်ဖာဆား ကျေးရွာအသွား ဖာပေါင်ကျေးရွာမှာ ဟန့်တားခံရတယ်။ ဖာပေါင်ရွာထိပ်အရောက် အစိုးရ စစ်သားက ဆက် ပေးမသွားတာ။ လုံခြုံရေးအရ ပေးမသွားတာလို့ ပြောတယ်”ဟု မိုင်းကိုင်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းပန်က ဆိုသည်။

ကုန်းညောင် ဖာဆားကျေးရွာမှ စစ်ရှောင် အမျိုးသားများနှင့် မိုင်းကိုင်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ကျေးရွာသို့ အခြေအနေ ပြန်ကြည့်ရန် အသွားလမ်းခရီးတွင် အစိုးရ စစ်သားများ၏ ဟန့်တားမှုကို ခံခဲ့ရသဖြင့် ကျေးရွာထဲ မရောက်ခဲ့ကြောင်း စိုင်းပန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အစိုးရ တပ်မတော်မှ စစ်သားများက ရွာသားများ စစ်ဘေးရှောင်နေစဉ် ရွာထဲရှိ နေအိမ်၊ ဈေးဆိုင်များမှ အစားအစာများ ဝင်ရောက်ယူငင်ခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်ကြောင်း၊ ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြကြောင်း ၊ အခြေအနေများကို သွားရောက် ကြည့်ရှုရန် နှင့် ရွာတွင် ကျန်ခဲ့သည့် ဝက်များ၊ နွားများကို အစာကျွေးရန် သွားကြခြင်းဖြစ်ကြောင်း စိုင်းပန်က ပြောသည်။

ဟမ်းငိုင်းကျေးရွာအုပ်စုတွင် RCSS/SSA နှင့် အစိုးရ တပ်မတော် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေး တင်းမာမှုများရှိနေကြောင်း သိရသည်။ တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ကျော် ခိုလှုံနေရသည်။ စစ်ရှောင်များအနေဖြင့် ရက် အတန်ငယ်ကြာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရသဖြင့် နေရင်းဒေသသို့ ပြန်လိုကြောင်း၊ တိုက်ပွဲများ အမြန် ရပ်စေလိုကြောင်း ကုန်းညောင် ဖာဆာ ကျေးရွာနေ စိုင်းကျိန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကျနော်တို့ မပြန်ရဲသေးဘူး။ ဟိုရက်တွေက ကျနော်တို့ရွာသားတွေ ကိုယ့်ဘာသာကိုယ် ဝက်၊ နွား အစာသွားကျွေးတော့ စစ်သားတွေ သေနတ်နဲ့ ပစ်တယ်။ တချို့ဆို အဖမ်းခံရတယ်။ မနေ့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သွားတာ ရွာထဲ ပေး မဝင်ဘူး”ဟု စိုင်းကျိန်က ဆိုသည်။

စစ်ဘေးရှောင်များမှာ လက်ရှိအခြေအနေ၌ ဘုန်းကြီးကျောင်းတွင် စုပေါင်းနေထိုင်ရသဖြင့် အဆင်မပြေကြောင်းလည်း စိုင်းကျိန်က ဆက်လက် ပြောသည်။

“နေရပ်ပြန် ကိုယ့်အလုပ်ပဲ ကိုယ် လုပ်ချင်တယ်။ ဒီမှာက လူတွေလည်း များ။ အဆင်မပြေဘူး” ဟု စိုင်းကျိန်က ဆိုသည်။

အစိုးရ စစ်ကြောင်းမှ စစ်သားများသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း စစ်ရှောင်တို့၏ နေအိမ်များကို ဝင်ရောက် မွှေနှောက်ရှာဖွေကြကြောင်း၊ လက်ရှိအချိန်(မတ်လ ၅ ရက်)ထိ ကျေးရွာအတွင်း တပ်စခန်းချကာ လှုပ်ရှားနေကြောင်း သိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...