၂၀၁၇ ခုနှစ်ကတည်းက ကျင်းပခွင့် မရခဲ့သည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လာမည့် ဧပြီလဆန်းပိုင်းတွင် ကျင်းပသွားမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် (RCSS/SSA) က ထုတ်ပြန်ကြေညာသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA ၏ အကြိမ် ၂၀ မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၁ မှ ၂၄ ရက်အထိ လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့ပြီးနောက် အချက် ၆ ချက်ပါ ကြေငြာချက် တစ်စောင် ထုတ်ပြန်ရာ ယင်းသို့ ပါဝင်သည်။
RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးခမ်းစံက “ပြီးခဲ့တဲ့ JICM အစည်းအဝေးမှာ UPC ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မယ်လို့ သဘောတူခဲ့တာ တစ်ခု ရှိပါတယ်။ အဲဒီ ရှေ့မတိုင်ခင်မှာတော့ ဧပြီလဆန်းပိုင်းမှာ သျှမ်းအမျိုးသားအဆင့် (ND- National Dialogue) ဆွေးနွေးပွဲကို သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှာ ကျင်းပဖို့ သဘောတူထားတယ်” ဟု ပြောသည်။
ND ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အလုပ်အမှုဆောင်အဖွဲ့ မဖွဲ့ရသေးကြောင်း၊ ၎င်းကို ဖွဲ့စည်းနိုင်ရန် မကြာမီ အစည်းအဝေးခေါ် ယူသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပြီးပါက မတ်ခလနှောင်းပိုင်းတွင် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မကျင်းပမီ ၂၀၁၇ ခု နှစ်ဆန်းပိုင်းက သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့တွင် ကျင်းပရန် ပြင်ဆင်ခဲ့ဖူးသည်။ သို့သော် အစိုးရနှင့် တပ်မတော်က ထိုမြို့များတွင် ကျင်းပခွင့် မပေးသည့်အပြင် လူထုသဘောထားရယူရန် လူထုတွေ့ဆုံပွဲများကိုလည်း အစိုးရတပ်မတော်က လိုက်လံ ပိတ်ပင်သည့်အတွက် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးစီးသွားသော်လည်း သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ယနေ့တိုင် ကျင်းပနိုင်ခြင်း မရှိသေးပေ။
(ယိင်းယိင်း ရေးသားပေးပို့သည်)







