သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်အတွင်း ဝမ်ပန် ပြည်သူ့စစ် ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါနက ဒေသခံလူထုကို ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင် လဲချားမြို့နယ် နောင်ယာဆိုင်းကျေးရွာဘုန်းကြီးကျောင်း၌ ခေါ်ယူတွေ့ဆုံကာ ကျောက်မီးသွေး တူးဖော်မည့်ကိစ္စနှင့်ပတ်သက်ပြီး ပြောကြားခဲ့ကြောင်း သိရသည်။
ဝမ်ပန်ပြည်သူ့စစ်အဖွဲ့ ကျောက်မီးသွေးတူးဖော်မည့် နေရာမှာ ဝမ်ပန်ကျေးရွာနှင့် နောင်ယာဆိုင်းကျေးရွာကြားတွင် တည်ရှိသည်။ ဝမ်ပန်ကျေးရွာနှင့် တစ်မိုင်ခန့်သာ ဝေးကွာပြီး နောင်ယာဆိုင်းကျေးရွာနှင့် နှစ်မိုင်ခန့်၊ လဲချားမြို့ နှင့် ၈မိုင် ဝေးကွာသည်။
“ ခူးဒေါနက ကျနော်တို့ကို ခေါ်ပြောတာက ကျောက်မီးသွေးတူးမယ်။ တစ်ဖက်ရွာက လူတွေကတော့ သဘောတူပြီ။ ကျနော်တို့ဆီက သဘောထားကို လာတောင်းတယ်လို့ ပြောတယ် ” ဟု နောင်ယာဆိုင်းကျေးရွာနေ အသက် ၅၀ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် ဝမ်ပန်ပြည်သူ့စစ်အဖွဲ့ က ဒေသတွင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ပြုပြင်ပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒေသခံအမျိုးသားက ပြောသည်။
“ကျနော်တို့ သူတို့ ကျောက်မီးသွေး တူးဖို့ မတူးဖို့ သုံးရက် စဉ်းစားခိုင်းထားတယ်။ ကျနော်တို့ကတော့ တူးဖို့ လက်မခံဘူး” ဟု အစည်းအဝေးတက်ခဲ့သူ နောင်ယာဆိုင်းကျေးရွာသားတစ်ဦးက ပြောသည်။
အစည်းအဝေးတက်ခဲ့သူ အိုက်စိုင်းက “ သူက ဒီရွာရောက်ရင် ဟိုရွာက သဘောတူပြီတဲ့၊ ဟိုရွာရောက်တော့ ဒီရွာက သဘောတူပြီလို့ သွားပြောတယ်။ နောက် ဘုန်းကြီးတွေလည်း ကျောက်မီးသွေးတူးဖော်ခွင့် ပေးပြီလို့လည်း ပြောတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
မန်ပန်ပြည်သူ့စစ်များ ကျောက်မီးသွေး တူးဖော်မည့်ကိစ္စကို မည်သည့် ဒေသခံမှ သဘောမတူကြောင်း၊ ထို့ပြင် ဘုန်းကြီးများလည်း သဘောမတူကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းမေးမြန်းရာတွင် ဒေသခံများနှင့် ဘုန်းတော်ကြီးများကပါ တညီတညွတ်တည်း ပြောဆိုသည်။
“ကျောက်မီးသွေးတူးဖို့ ကျနော်တို့ တစ်ယောက်မှ သဘောမတူထားဘူး။ ကျောက်မီးသွေးတူးရင် လယ်ယာကိစ္စတွေ၊ ရေကိစ္စတွေ ခက်ခဲလာမယ်” ဟု ဒေသခံ အိုက်စိုင်းက ဆိုသည်။
ဝမ်ပန်ပြည်သူ့စစ် ခေါင်းဆောင် ခူးဒေါနက “ ဒေသခံတွေ သဘောမတူရင်လည်း ဘာမှ မဖြစ်ဘူး။ သက်ဆိုင်ရာဆီ တင်ပြီး လုပ်လို့ ရတယ်။ကျနော်တို့ ဒီမှာ တပ်စခန်း လာချမယ်”ဟု အစည်းအဝေးတက်လာသည့် ဒေသခံများကို ပြောဆိုခဲ့ကြောင်း ရွာသားများပြောပြချက်အရ သိရသည်။

ဝမ်ပန် ပြည်သူ့စစ် ဆိုင်းဘုတ်
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လဲချားမြို့ ပြည်နယ်လွှတ်တော်အမတ် (၁) စိုင်းကျော်ဇေယျက “ ကျနော် မကြားရသေးဘူး။ ဒေသခံတွေက ကျနော့်ကို ဘာမှ မပြောလာသေးဘူး။ လာပြောတာလည်း မရှိဘူး။ ဒေသခံတွေ မလိုလားရင်တော့ ကျောက်မီးသွေး တူးလို့ မရဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။ မြေစာရင်း၊ ဒေသခံ သဘောတူညီမှု မရပါက တူးဖော်မရကြောင်းလည်း စိုင်းကျော်ဇေယျက ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က ခူးဒေါန ဦးဆောင်သည့် ဝမ်ပန်ပြည်သူ့စစ်ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
လဲချားမြို့နယ်အတွင်း ပြည်သူ့စစ်များစွာ လှုပ်ရှားသည့် နေရာဖြစ်ပြီး ဝမ်ပန်ပြည်သူ့စစ်သည် ၂၀၀၆ ခုနှစ်က လွိုင်တိုင်းလျန်းမှ ခွဲထွက်ကာ အစိုးရထံ လက်နက်ချထားသည့် တပ်မဟာ ၇၅၈ ၏ လက်အောက်ခံ တပ်ခွဲတစ်ခုဖြစ်သည်။







