နွန်နွန် — မွန်ပြည်နယ်တွင် ခေတ်အဆက်ဆက်ကတည်းက လျှောက်ထား ရယူထားသော မြေလွတ် မြေလပ် မြေရိုင်းများ လက်တွေ့မှာ အသုံးချခြင်းမရှိသည့် မြေယာများကို ပြန်လည် စိစစ်သွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။
“ဒါနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာမြေလွတ်မြေလပ်မြေရိုင်းစီမံခန့်ခွဲမှုကော်မတီအနေနဲ့ကလည်း ယခင်အဆက်ဆက်ကယူထားပြီးတော့ အမှန်တကယ်လည်းအသုံးချခြင်းမရှိတဲ့မြေတွေကို ဧကဘယ်လောက်ရှိလည်းဆိုတာကို စာရင်းအချက်အလက် သေချာတိကျစွာကောက်ယူထားပြီးလည်းဖြစ်ပါတယ်။ အဲထဲကအမှန်တကယ်မလုပ်တော့တဲ့မြေလွတ်မြေလပ်မြေရိုင်းတွေကို ပြန်လည်သိမ်းဆည်းခဲ့တာတွေလည်းရှိပါတယ်။ ဒါကြောင့် မြေလွတ်မြေ လပ်မြေရိုင်းတွေကို လျှောက်ထားရယူထားပြီးဘယ်လိုမှ အသုံးချခြင်းမရှိတဲ့ မြေတွေကိုပြန်လည်စိစစ်တဲ့ မည်သည့်အစီအစဉ်မျိုး နဲ့မဆိုပါဝင်ပေါင်း စပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ"ဟုဦးထွန်းဌေးကပြောသည်။
ဖေဖေါ်ဝါရီလ ၁၉ ရက်ကကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (နဝမနေ့)တွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး၏ မွန်ပြည်နယ်အတွင်းရှိ မြေလွတ်မြေလပ်နှင့်မြေရိုင်းများအားလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေးအတွက် မည်ကဲ့သို့ ခွင့်ပြုဆောင်ရွက်ထားသည်ကိုသိရှိလို ကြောင်းဆက်စပ်မေးခွန်းမေးမြန်းရာမှာ ဝန်ကြီးကဖြေ ကြားခဲ့ခြင်းဖြစ်သည်။
ဒေသခံပြည်သူများကမြေလွတ်မြေလပ်မြေရိုင်းများတွင် လုပ်ကိုင်ဆောင်ရွက်နေပေမယ့်လည်းကိုယ်ပိုင်စိုက်ပျိုးထုတ်လုပ်ခွင့်ရရှိရေးတင်ပြလျှောက်ထား ရမည့်အခြေခံအကြောင်းအရင်း သိရှိခြင်းမရှိကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် ဥပဒေအကြောင်းနာလည်တဲ့သူတွေတင်ပြလျှောက်ထားမှုကိုခွင့်ပြုပေးခြင်းဟာဒေသခံတွေနဲ့ ပြဿနာတွေဖြစ်ပေါ်စေခဲ့တယ်လို့ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဒေါက် တာအောင်နိုင်ဦးကဆိုသည်။
ကိုယ်စားလှယ်၏ပြောဆိုမှုနှင့်ပတ်သက်ပြီးဝန်ကြီးဦးထွန်းဌေးက " မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေလုပ်ကိုင်ခွင့်တင်ပြလျှောက်ထားရာမှာမည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများကိုမျှ ဦးစားပေး ခွင့်ပြုပေးခဲ့ခြင်းမျိုးမဟုတ်ဘဲဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးနဲ့ အများအကျိုးထိခိုက်မှုမရှိစေဘဲကျေးရွာအဆင့် ရင်းနှီးမြှပ်နှံမှုရေရှည်တည်တံ့ရေးကိုရည်ရွယ်ပြီးလုပ် ကိုင်ခွင့်ပြုပေးတာဖြစ် တယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယင်းအပြင် အချို့ဒေသများတွင် မြစ်ရေကြီးမှုကို နှစ်စဉ် ကြုံတွေ့နေရသည့်အတွက် လုပ်ငန်းလုပ်ကိုင်ရာ၌ အခက်အခဲမျိုးစုံ ကြုံတွေ့နိုင်သောကြောင့် ငွေကြေးတတ်နိုင်သောသူများနှင့် နည်းပညာပိုင်းကျွမ်းကျင်သူများသာ မြေလွတ် မြေလပ် မြေရိုင်းများတွင် လာရောက်လျှောက်ထားလုပ်ကိုင်စေလိုကြောင်း ဝန်ကြီးကဆက်လက်ပြောသည်။
မွန်ပြည်နယ်တွင် မြေလွတ်မြေလပ်မြေရိုင်းစုစုပေါင်းဧက ၂၄၀၀၀ ဧကကျော်အားလုပ်ကိုင်ခွင့်ပြုထားပြီးအမှန်တကယ်လုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်မြေလပ်မြေရိုင်းဧက ၃၉၀၀ ဧကကျော်အား ၂၀၁၈ ခုနှစ်အတွင်းမှာ အစိုးရအဖွဲ့မှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်းသိရသည်။







