ငြိမ်းချမ်းရေးလုပ်ငန်းများ ရှေ့ဆက်နိုင်အောင် အဖြေရှာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးက ထုတ်ပြန် ကြေညာခဲ့သည်။
SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျွန်တော်တို့ နိုင်ငံရေး၊ လက်ရှိ နိုင်ငံရေး အခြေအနေပေါ့၊ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေရယ်၊ ပြီးတော့ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို ဘယ်လို ဆက်လုပ်ကြမလဲဆိုတဲ့ဟာကို အဓိကထားပြီးတော့ ကျွန်တော်တို့ ဆွေးနွေးဆုံးဖြတ်ခဲ့တာပေါ့” ဟု ပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း၍ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“မူအားဖြင့်တော့ ကျွန်တော်တို့ သုံးသပ်ချက်အရက ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ရပ်တန့်နေတဲ့ သဘောပေါ့။ ရှေ့ မဆက်နိုင်ဘူးလေ။ ဥပမာ ပြောရမယ်ဆိုရင်တော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့က ၁၀ ဖွဲ့ ပေါ့။ ပြီးတော့ FPNCC (ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ )က ၇ ဖွဲ့၊ ကျန်တဲ့ အဖွဲ့ငယ်တွေလည်း ရှိသေးတယ်ဆိုတော့ ဒီဟာကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြီးတော့ ဆုံနိုင်တဲ့ တွေ့ဆုံဆွေးနွေးမှု အစပြုနိုင်မလဲဆိုတဲ့ဟာ အပိုင်းကို ကျွန်တော်တို့ ပိုပြီးတော့ အလေးထားပြီးတော့ သုံးသပ်ကြတယ်ပေါ့”ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆက်ပြောသည်။
လက်ရှိ နိုင်ငံရေးအခြေအနေအရ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်နေသည့် ကိစ္စရပ်များကိုလည်း နှစ်ချုပ်အစည်းအဝေးတွင် သုံးသပ်ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်မှူးစိုင်းဖုန်းဟန် က ဆက်ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဗဟိုကော်မတီ၏ ၂၀၁၉ ခုနှစ် မျက်နှာစုံညီ နှစ်ချုပ် အစည်းအဝေးကို SSPP ဌာနချုပ် ဝမ်ဟိုင်းတွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် ၂၀၁၉ ခုနှစ်က ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ မျက်မှောက်နိုင်ငံရေးအခြေအနေများ၊ ဒေသခံပြည်သူများ၏ လူနေမှုအခြေအနေများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်ဟု SSPP က ပြောသည်။
SSPP/SSA အနေဖြင့် FPNCC အဖွဲ့ဝင်များနှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(NCA) ဖြစ်စဉ်နှင့် နိုင်ငံရေးဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်နိုင်ရေး အစိုးရ၊ တပ်မတော်တို့နှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ပြောသည်။ ထို့အပြင် ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု SSPP က ထုတ်ပြန်ထားသည်။
၁၅ ရက်တာ ကျင်းပခဲ့သည့် SSPP ၏ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးသို့ ဦးဆောင်နာယက ၁ ဦး၊ ဗဟိုကော်မတီဝင် ၂၇ ဦး၊ အရံ ဗဟိုကော်မတီဝင် ၅ ဦး၊ ပါဝင်သင့်ပါဝင်ထိုက်သူ နှင့် လေ့လာသူ ၁၅ ဦး စုစု ပေါင်း ၄၈ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) သည် ပြည်ထောင်စု နိုင်ငံ ရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC)၏ အဖွဲ့ဝင်ဖြစ်သည်။ SSPP/SSA အပါအဝင် FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)(ကိုးကန့်အဖွဲ့)၊ ရခိုင်တပ်မတော် (AA) နှင့် အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (NDAA)(မိုင်းလားအဖွဲ့) တို့ပါဝင်သည်။







