မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ တွင် ကက်တမင်းနှင့် လက်နက်များ ထပ်မံ သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ပုံလို့လမ်းနှင့် အုန်းခြံလမ်းထောင့်တွင် ယာဉ်ဖြင့် ရောက်ရှိလာသည့် အသက် ၂၀ အရွယ် စိုင်းရှဲန်ဝန်းထံမှ ကက်တမင်း(မူးယစ်ဆေး) အလေးချိန် ၉၀၀ ဂရမ်(ဒေသ ပေါက်ဈေး ၉၀သိန်း) သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
စိုင်းရှဲန်ဝန်း နေအိမ်ကို ဆက်လက်ရှာဖွေရာ အိပ်ခန်းတွင် အမေရိကန် နိုင်ငံလုပ် M-16 သေနတ် ၁လက်၊ ကျည်အိမ် ၈ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 99 Luger ကျည် ၁၀၀ တောင့် ထပ်မံ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။
သို့ဖြစ်၍ စိုင်းရှဲန်ဝန်းကို တာချီလိတ်မြို့ မရဲစခန်းက အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photos by မြန်မာနိုင်ငံ ရဲတပ်ဖွဲ့







