တင်ဒါစည်းမျဉ်းစည်းကမ်း မလိုက်နာ သည့် ပြည်နယ်အစိုးရကို မည်သို့ထိန်းကျောင်းမည်နည်းဟု မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်

တင်ဒါစည်းမျဉ်းစည်းကမ်း မလိုက်နာ သည့် ပြည်နယ်အစိုးရကို မည်သို့ထိန်းကျောင်းမည်နည်းဟု မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မေးခွန်းထုတ်
မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန် (BNI News& TV)
မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန် (BNI News& TV)

မင်းအတွဒ် — တင်ဒါလုပ်ငန်းစည်းမျဉ်းစည်းကမ်းများမလိုက်နာသည့် ပြည်နယ်အစိုးရကို မည်ကဲ့သို့ထိန်းကျောင်းမည်နည်းဟု မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး၌ မေးခွန်းမေးမြန်းခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတင်ဒါကိစ္စများ၏ ရွေးချယ်မှုမူဝါဒ၊ အစီအမံများကိုသိရှိလိုသောမေးခွန်းနှင့် စပ်လျဉ်း၍ တင်ဒါလုပ်ငန်း ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး  အဂတိသက်ရောက်မှု ရှိမရှိ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံတင်ပြီး စစ်ဆေးသင့်ဟု ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။

“ဆရာ(ဝန်ကြီးချုပ်)က အိမ်ခေါ်ပြီးတော့ တင်ဒါအမှတ်ပေးထားတဲ့ စာရွက်တွေ ယူခဲ့ပါ၊ သူကြည့်ချင်တယ် ဆိုတော့ ကျွန်တော်နဲ့ DE နဲ့ သွားပြီးတော့ အမှတ်ပေးထားတဲ့ စာရင်းတွေ အကုန်ပို့ပါတယ်၊ သူအိမ်မှာ တစ်ပတ်လောက်နေပြီး ရွေးချယ်ပါတယ်၊ ဆရာရွေးချယ်တဲ့ အတိုင်းပဲ Cabinet မှာ ကျွန်တော်တို့ အတည်ပြုပါတယ်၊ တိုင်တဲ့သူတွေပေါ်လာတော့ အစစ်ခံတဲ့ နေရာမှာ အဲ့ဒါက အဂတိမြောက်တယ် ဆိုပြီး ပြောပါတယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံလက်ထက်၌ တင်ဒါအောင်ကုမ္ပဏီအချို့ကို ဝန်ကြီးချုပ်နေအိမ်တွင်ရွေးချယ်ခဲ့မှုရှိကြောင်း သတင်းမီဒီယာများကို ၎င်းကရှင်းလင်းပြောကြားသည်။

တဘက်တွင်လည်း မွန်ပြည်နယ် အစိုးရအနေဖြင့် ကျပ်သိန်း ၁၀၀ မှ သိန်း ၁၀၀၀ အထိ အိတ်ဖွင့်တင်ဒါခေါ်ယူပြီး သိန်း ၁၀၀၀နှင့် အထက်ကို သတင်းစာထဲကြေငြာထည့်သွင်းပြီး ခေါ်ယူနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်က ရှင်းလင်းပြောကြားသည်။

“လုပ်ငန်းသဘာဝအရသော်လည်းကောင်း နည်းပညာအရသော်လည်းကောင်း အချိန်ကာလအရ ကျွမ်းကျင်မှုအဆိုပြုလွှာနဲ့ လုပ်ငန်းအဆိုပြုလွှာအပေါ်မှာ အမှတ်ပေးရွေးချယ်မှုတွေ ပြုလုပ်နေပါတယ်၊ သက်ဆိုင်ရာဌာနက ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အညီ လုပ်ငန်းအချို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

သို့ရာတွင် အရည်အသွေးကောင်းမွန်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိသည့် ကုမ္ပဏီများလည်း တင်ဒါလုပ်ကိုင်ခွင့်မရ ဖြစ်ခဲ့ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆိုသည်။

“ကျောက်တင်ဒါခေါ်တယ်ပေါ့ ။ ဒေသခံကျောက်မိုင်းလုပ်ငန်းရှင်က တင်ဒါမအောင်ဘူး ။ ရန်ကုန်တိုင်းမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်က တင်ဒါအောင်တယ် ။ အဲ့လူမှာ ကျောက်မိုင်းရှိလားဆိုတော့ မရှိဘူး ။ ကျောက်မိုင်းရှိတဲ့သူက တင်ဒါမအောင်ပဲနဲ့ ကျောက်မိုင်းမရှိတဲ့သူက တင်ဒါအောင်ခြင်းက ဒီဟာသည် ဘယ်လိုမှ သမာအာဇီဝကျတယ်ဆိုတာ မဖြစ်နိုင်ဘူး ” ဟု ဦးအောင်ကျော်သူက ဆိုသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ သည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း ၁၀၀ နှင့် အထက်အသုံးပြုရသည့် စီမံကိန်း ၅ ခုကို တင်ဒါမခေါ်ဘဲ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

ထို့ပြင် ရေးမြို့နယ် အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်းကို တင်ဒါမခေါ်ဘဲ နီးစပ်ရာကုမ္ပဏီတစ်ခုကို လက်သိပ်ထိုးချပေးခဲ့သည့်ကိစ္စမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်မဟုတ်ကြောင်း၊ လွှတ်တော်တွင် နောက်ဆက်တွဲ မေးခွန်းဖြေကြားရင်း စကားပြောမှားခဲ့သည်ဟု ဝန်ကြီးချုပ်ဖြေရှင်းချက်ပေးခဲ့ကြောင်း သတင်းဌာနများက ရေးသားဖော်ပြခဲ့သည်။ 

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...