ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ကရင်နီသမိုင်းမှန်ဖော်ထုတ်သည့် လူထုလှုပ်ရှားရေးနေ့အဖြစ် သတ်မှတ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်မှာ ပြုလုပ်တဲ့ ကရင်နီသမိုင်းမှန် ဖော်ထုတ်သည့် လူထုလှုပ်ရှားမှု တစ်နှစ်ပြည့်အခမ်းအနားမှာ အတည်ပြုလိုက်ပါတယ်။
“ ဒီနေ့ဟာ ဘာမှတန်ဖိုးမဖြတ်နိုင်တဲ့၊ ဘာနဲ့မှ မလဲနိုင်တဲ့ ကရင်နီသမိုင်းရဲ့ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ လူငယ်အားလုံး၊ ပြည်သူလူထုအားလုံးအနေနဲ့ ရင်ထဲမှာ သမိုင်းတစ်ခုအနေနဲ့ စိုက်ထူကျန်ခဲ့မှာ ဖြစ်ပါတယ်” လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)မှ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးချစ်ထွန်းက အမှာစကားပြောကြားစဉ်မှာ ပြောပါတယ်။
အခမ်းအနားကို လွိုင်ကော်မြို့ ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY)မှာ ပြုလုပ်ခဲ့တာဖြစိပြီး ကရင်နီမျိုးနွယ်စုဝင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကရင်နီပြည် လူငယ်တွေစုစုပေါင်း လူဦးရေ ၂၀၀ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာတဲ့ ကိုယ်စားလှယ်များရဲ့ သဘောထား မှတ်ချက်များကို ရယူပြီး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
“ဒီလိုမျိုးနေ့အနေနဲ့ သတ်မှတ်မယ်ဆိုရင်လည်း ဒါကလည်း ကောင်းတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်။ ပြီးရင် အဲဒီလိုနေ့မျိုးတွေမှာ ပိုပြီးတော့မှ အမှတ်ရအောင်၊ ပိုပြီးတော့မှ ပါဝင်မှုအားကောင်းအောင်ဆိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်သလို တစ်ဖက်မှာကလည်း ခုနကပြောတဲ့ ပညာရပ်ဆိုင်ရာကို တကယ်ပဲ ကဏ္ဍအသီးသီးမှာ ထုတ်ဖော်နိုင်ပြီးတော့မှ အားလုံးက လေ့လာနိုင်တဲ့ သင်ခန်းစာယူနိုင်တဲ့ အနေအထား တစ်ခုဖြစ်ဖို့ ကျွန်တော်တို့ ရောက်အောင် ကြိုးစားဖို့လိုတယ်” လို့ အခမ်းအနားကို တက်ရောက်လာတဲ့ ကိုယ်စားလှယ် ခူးပလူးရယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာ ရှိတဲ့ ထောင်နဲ့ချီသော လူထုတွေ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ထု တည်ဆောက်ခြင်းကို ကန့်ကွက်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ရုပ်တုနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်းရေးကို ဆက်လက် ဦးတည်ဆောင်ရွက်သွားမယ်လို့ အခမ်းအနားအပြီးမှာ ထုတ်ပြန် ကြေငြာထားပါတယ်။







