ကရင်လူငယ်ခေါင်းဆောင်များ ပေါ်ထွက်ရေး အလေးထားပါ

ကရင်လူငယ်ခေါင်းဆောင်များ ပေါ်ထွက်ရေး အလေးထားပါ

လက်ရှိ ကရင်လက်နက်ကိုင်တော်လှန်ရေး အသိုင်းအဝိုင်းတွင် သော်လည်းကောင်း၊ ကရင် နိုင်ငံရေးပါတီများ တွင် သော်လည်းကောင်း၊ ကရင်လူမှုအဖွဲ့အစည်း အသင်းအပင်းများတွင် သော်လည်းကောင်း မျိုးဆက်သစ် ကရင်လူငယ်ခေါင်း ဆောင်များ နည်းပါးနေသည်ကို တွေ့ရသည်။ လူငယ်ဟူသည် “ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုသကဲ့သို့ နယ်ပယ်စုံ၌ ခေါင်းဆောင်မှုတာဝန်ကို ဆက်ခံရ မည့်သူများသာ ဖြစ်သည်။

ယနေ့ ခေတ်ကရင်လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရ ယခင်ထက် ခေတ်ကောင်းကို ဖြတ်သန်း ရသူများ ဖြစ်သည်။ နိုင်ငံရေးလုပ်ခွင့်ရှိသည်၊ အမျိုးသားရေးတွင်လည်း အလွယ်တကူပါဝင်ဆောင် ရွက်နိုင်သလို သတင်း ဆက်သွယ်ရေးနည်းပညာကြောင့် မည်သည့်ပညာရပ်မဆို အားထုတ်ကာတစိုက်မတ်မတ် လေ့လာနိုင်သည်။ ထို့အပြင် သတင်းခေတ် ဖြစ်သည့်နည်းတူ သတင်းအချက်အလက်များကို အလွယ်တကူ လက်လှမ်းမီနိုင်သည့် အခြေအနေ ဖြစ်သည်။

တခြား တစ်ဖက်တွင်မူ ရုပ်ဝထ္ထု ပေါများသည့်အတွက် နိုင်ငံရေး၊ အမျိုးသားရေးတို့ထက် အခြားသော ရုပ်ဝထ္ထုပိုင်းများတွင် ပိုမိုအားသာသွားလေ့ ရှိတတ်ပြန်သည်။ ထို့ကြောင့် အမျိုးသားရေးလုပ်ငန်းများကို လူငယ်များ အားလျော့သွား တတ်သည့် သဘောလည်း ရှိပြန်သည်။ ယခုလို အခြေအနေမျိုးတွင် ကရင်လူငယ်များကို သွန်သင်လမ်းပြ၊ လက်တွဲခေါ် တတ်ရန်လို အပ်သည်။ လမ်းဖွင့် နေရာပေးရန် လိုသည်။

ကရင်လူငယ်များအနေဖြင့်လည်း မွေးရာပါ သမိုင်းပေးတာဝန်များရှိသည်ကို သိနားလည်ပြီး နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးရန်လိုသည်။ ထို့အပြင် လူပုဂ္ဂိုလ် တစ်ဦးဦးသော်လည်းကောင်း၊ အသင်းအဖွဲ့ တခုခုအတွက် သော်လည်းကောင်း အသုံးချခံမဖြစ်ရေးအတွက် သတိပြုဆင်ခြင်ရမည်ဖြစ်သည်။

ထို့အတွက် ကရင်လူငယ်များ အနေဖြင့် ကိုယ်ခံအား ကောင်းရန်လိုပြီး အမျိုးသားရေး စာပေများ၊ အထွေထွေ ဗဟုသု တရမည့် စာပေများကို ဖတ်မှတ်ကာ နောင်တချိုန်တွင် အမျိုးသားရေးအတွက် ကျရောက်သည့်နေရာမှ ဦးဆောင်သွား နိုင်ရေးအတွက် ပြင်ဆင်ရမည် ဖြစ်သည်။

ကရင့်အမျိုးသားရေးတွင် လူငယ်ခေါင်းဆောင်များ မွေးထုတ်ရေးမှာ ပြောသလောက် လွယ်သည့်ကိစ္စမဟုတ်ဟု ဆိုနိုင် သည်။ သို့သော် လက်တွေ့လုပ်ဆောင်သွားရေးသည်သာ အရေးကြီးသည်။ ယခုနှစ်ဆိုလျှင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန်ရှိပြီး ကရင်လူငယ်များကို မဲဆွယ်စည်းရုံးရေးထက် ဦးဆောင်သည့် ကဏ္ဍဖြစ်သော အရွေးခံသည့် အပိုင်းတွင်ပါ လက်တွဲခေါ်ကြရန် ပြောလိုသည်။

အလားတူ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်လည်း ယခုနှစ်တွင် ကျင်းပသွား ဖွယ်ရှိပြီး ကွန်ဂရက်တွင် ခေါင်းဆောင်များရွေးချယ်ရာ၌ လူငယ်များကိုလည်း လက်တွဲခေါ်ယူ နေရာပေးကာ ခေါင်းဆောင် မှု အတွေ့အကြုံများ ရှင်သန်အောင်လုပ်ဆောင်သွား စေလိုသည်။

အနှစ်ချုပ်ပြောလိုသည်မှာ ကရင့်အနာဂတ်သည် အနာဂတ်တွင် ခေါင်းဆောင်သွားမည့် ကရင်လူငယ်များ အပေါ်တွင်မူတည်နေသည့်အတွက် အမျိုးသားရေး နယ်ပယ်အသီးသီးတွင် ကရင်လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာရေး အလေးပေးကာ သင့်တော်သည့် အစီအမံများချမှတ်၍ လက်တွေ့လုပ်ဆောင်သွားရန် တိုက်တွန်းလိုသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...