ချစ်အိလှိုင် — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေမှုကြောင့် ပညာရေးဝန်ထမ်းများ ပိတ်မိနေကြကြောင်း သိရသည်။
ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာ၊ မုန့်သန်းပြင်၊ ဂြင့်ခါးစေ့၊ ကျောက်တန်း၊ မွန်ထောင့်၊ ပြိုင်းတိုင်းနှင့် တင်းမကျေးရွာတို့အနီးတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ကာ ၈ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲများကြောင့် ကျောက်တော်မြို့နှင့် ဒေသတွင်းပြေးဆွဲနေကြသည့် မော်တော်လိုင်းစက်လှေများ ရပ်တန့်ထားရသည့်အတွက် အဆိုပါဒေသများရှိ နေရပ်ပြန်လိုသော ပညာရေးဝန်ထမ်းများမှာ ယခုကဲ့သို့ ပိတ်မိနေကြခြင်းဖြစ်သည်။
“ဘုတ်မထွက်တာသုံးရက် ရှိပါပြီ။ ဒီနေ့မှာ နှစ်ဖက်ပစ်ကြပါတယ်။ လေယာဉ်နဲ့ဗုံးလာကြဲပါတယ်။ ရွာကကြည့်လို့မြင်ရတဲ့နေရာတွေကို ပစ်တာပါ။ ပညာရေးရုံးကလည်း ဖုန်းဆက်လိုက်တော့ လုံခြုံတဲ့နေရာမှာ နေကြလို့ပြောတယ်။ မီးဝ ကနေ တင်းမထိ တောက်လျှောက်မှာ ပညာရေးဝန်ထမ်းတွေ ပိတ်မိနေကြတာပါ။ ကျွန်မနဲ့ ဒီမှာတာဝန်ကျနေတဲ့ဆရာမတစ်ယောက်မှာ ကလေးငယ်လေးတွေလည်း ပါလာပါတယ်။ ဒီလိုတွေပစ်တာ ရွာကိုမမှန်ဘူးလို့ ပြောမရပါဘူး။ လုံခြံုမှု မရှိတဲ့အတွက် အိမ်ပြန်ချင်ပါတယ်”ဟု တင်းမကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါကျေးရွာများတွင် စာသင်ကျောင်းများဖွင့်ထားသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေကြသဖြင့် ကျောင်းသားများကျောင်းမတက်ကြကြောင်း၊ ကျောင်းတက်နေသောနေ့များတွင်လည်း လုံခြုံမှု မရှိသဖြင့် ကျောင်းဆရာ၊ ဆရာမများအနေဖြင့် စိုးရိမ်နေကြကြောင်း မုန့်သန်းပြင်ကျေးရွာမှ ဆရာမတစ်ဦးက ပြောသည်။
“ကျောင်းပိတ်ရက် အိမ်ပြန်ဖို့လိုင်းဘုတ်နဲ့သွားတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဆရာမတချို့ တင်းမရွာမှာ ညအိပ်ခဲ့ရတယ်လို့ပြောတယ်။ နောက်နေ့မှ ရွာဘက်ကို စက်လှေတွေငှားပြီး ပြန်လာကြရတယ်။ ပညာရေး ဝန်ထမ်းတွေအတွက် ဘယ်လိုမှ မလုံခြုံပါဘူး။ အိမ်ကို ပြန်ချင်ပါတယ်”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်နှင့် ပလက်ဝနယ်စပ်တို့တွင် ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ရသည်အထိ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။
“ရဟတ်ယာဉ်တွေပေါ်က ပစ်တာ ကြောက်လို့ ငိုတောင်ငိုပါတယ်။ အိမ်ပြန်ချင်ပါတယ်။ လိုင်းဘုတ်လည်းမထွက်ပါဘူး။ ပညာရေးမှူးရုံးကလည်း တင်းမလိုရွာကြီးတွေမှာ စုနေကြလို့ပြောပါတယ်။ အခုအဲဒီရွာနားတွေမှာ ပစ်နေကြတာ မသွားရဲဘူးလို့ပြောလိုက်တယ်”ဟု ဂြင့်ခါးစေ့ကျေးရွာမှ ကျောင်းဆရာမတစ်ဦးကလည်း ပြောသည်။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်က “ပညာရေး ဝန်ထမ်းတွေ ပိတ်မိနေတာ ဟုတ်တယ်။ ဒီဘက်မှာ တိုက်ပွဲမဖြစ်လည်း လက်နက်ကြီးတွေနဲ့ တပ်မတွေကနေ လှမ်းပစ်နေတာ။ လိုင်းဘုတ်တွေလည်း မထွက်တော့ အိမ်ပြန်လို့ မရတော့ သူတို့ အခက်ခဲဖြစ်နေကြတယ်”ဟု ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက "မြို့နယ်ရုံးတွေကိုတော့ ပြောထားလိုက်ပြီ။ မြို့နယ်ရုံးတွေကို အဆက်အသွယ်လုပ်ပြီး မြို့နယ်ရုံးကပဲ အစီအမံလုပ်လို့ မြို့နယ်ရုံးတွေကို လှမ်းပြောထားတယ်။ သူတို့ဆီက သတင်းတော့ရတယ်။ အစီအမံကတော့ ကျနော်တို့က အဝေးကဖြစ်တဲ့အတွက် မြို့နယ်ရုံးအစီအမံတွေနဲ့ပဲ သူတို့ဆောင်ရွက်မှာ"ဟု နိရ ဉ္စရာသတင်းဌာနကိုပြောသည်။
ဆက်လက်ပြီး ကျောက်တော်မြို့နယ် ပညာရေးမှူး ဦးစံရွှေမောင်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘသောင်းတို့ထံ နိရဥ္စရာက ဆက်သွယ်ရာ ၎င်းတို့မှာ ခရီးလွန်နေသည့်အတွက် ယခုသတင်းကို မကြားသေးဟု ဖြေကြားခဲ့သည်။







