မောင်တောတွင် ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးသယ်ဆောင်လာသူနှစ်ဦးအား ပစ်ခတ်ဖမ်းဆီး၍ တစ်ဦးသေ

မောင်တောတွင် ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးသယ်ဆောင်လာသူနှစ်ဦးအား ပစ်ခတ်ဖမ်းဆီး၍ တစ်ဦးသေ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ဝင်ဂိတ်တွင် ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးအား ပစ်ခတ်ဖမ်းဆီး၍ တစ်ဦးသေပြီး တစ်ဦးလွတ်မြောက်သွားကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

"တစ်ယောက်ကတော့ သေသွားတယ်။ နောက်တစ်ယောက်ကိုတော့ မမိသေးဘူး။ လိုက်စုံစမ်းနေတုန်းဗျ။ ထွက်ပြေးသွားတယ်"ဟု ဦးစိုးအောင်က ပြောသည်။

 

ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က သုံးမိုင်ဘက်မှ မောင်တောမြို့ထဲသို့ မောင်းနှင်လာသည့် လူ နှစ်ဦးပါကားတစ်စီးအား မြို့အဝင်ဂိတ်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ အစစ်မခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက နောက်မှလိုက်ကာ ဖမ်းဆီးစဉ် ၎င်းတို့နှစ်ဦးမှာ မြို့မ ကညင်တန်း စတိလှကျေးရွာအနီးတွင် ကားပေါ်မှဆင်းပြေးသည့်အတွက် ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးသေပြီး တစ်ဦးထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟု မောင်တောမြို့မရဲစခန်းက အတည်ပြုပြောကြားသည်။

“ကားက ဂိတ်မှာ မရပ်ဘဲ အဲဒီဘက်ကို ထွက်ပြေးတယ်။ ထွက်ပြေးတော့ နောက်ကလိုက်ကြတယ်။ အဲဒီနားက စတိလှဆိုတဲ့ရွာလေး သိပ်မဝေးဘူးဂိတ်နဲ့။ အဲဒီကိုဝင်ပြေးတယ်။ ကားကို ခြံတစ်ခြံနောက်မှာရပ်ပြီးတော့ ဆင်းပြေးကြတယ်နှစ်ယောက်။ ဒီက ပါသွားတဲ့ အဖွဲ့က ခြောက်လှန့်ပြီးတော့ ပစ်တဲ့အချိန်မှာ အသက် ၂၅ နှစ်အရွယ်လောက်ရှိတဲ့ တစ်ယောက်ကျတယ်။ ဘယ်သူတို့ဆိုတာ မသိရသေးဘူး”ဟု မြို့မရဲစခန်းမှ ဂတ်စာရေး ဦးဘလှက နိရဥ္စရာသို့ ပြောသည်။

၎င်းတို့နှစ်ဦးမောင်းနှင်လာသည့် ကားအားစစ်ဆေးရာ ကားပေါ်တွင်လည်း WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက်ပေါင်း ၉ သိန်းကျော် (ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်)အား ဖမ်းဆီးရမိခဲ့သည်ဟုလည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ထွက်ပြေးသွားသူနှင့် ကွင်းဆက်တရားခံများအား ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...