လက်နက်ကိုင်တောင်းဆိုခြင်းဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အပြည့် ရမည်မဟုတ်ဟု တပ်ချုပ် ပြော

လက်နက်ကိုင်တောင်းဆိုခြင်းဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အပြည့် ရမည်မဟုတ်ဟု တပ်ချုပ် ပြော

စိုးသူအောင် — လက်နက်ကိုင်၍ တောင်းဆိုခြင်းသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီဘဲ တိုင်းရင်းသားများ လိုလားနေကြသည့် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်တို့ကိုလည်း အပြည့်အဝ ရနိုင်မည်မဟုတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

“ကိုင်ဆောင်ထားသည့်လက်နက်များဘေးချပြီး အနာဂတ်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါတယ်” ဟု၎င်းကပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ဌာနချုပ် လွယ်တိုင်းလျံတွင် ကျင်းပပြုလုပ်သော (၇၃) နှစ်မြောက်ရှမ်းပြည်နယ်နေ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့ခဲ့သည့် သဝဏ်လွှာ ထဲတွင် ထိုသို့ရေး သားထားခြင်းဖြစ်သည်။

ထို့အပြင်လက်နက်ကိုင်၍ တောင်းဆိုခြင်းသည် ကမ္ဘာမှာလည်း လက်ခံကြမည်မဟုတ်ကြောင်းလည်း အဆိုပါသဝဏ်လွှာတွင်ဖော်ပြထားသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင်လည်း နိုင်ငံတစ်ဝှမ်းလုံးတစ်ပြေးညီဖွံ့ဖြိုးတိုးတတ်စေရန် လက်နက်ကိုင်ပဋိပက္ခ များ ချုပ်ငြိမ်းရန်လိုအပ်ကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။

ငြိမ်းချမ်းရေးလမ်းအပေါ်လျှောက်လှမ်းပြီးပါက တိုင်းရင်းသားပြည်သူလူထု၏ လူမှု့စီးပွားဘဝ တိုးတက်ရေးလုပ်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်အခွင့်အရေးများလည်းရရှိလာမည်ဟုလည်း သဝဏ်လွှာ ထဲတွင်ရေးသားထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို တပ်မတော် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည့် တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်းလည်းတက်ရောက်ခဲ့သည်။

ယင်းမတိုင်မီ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသေးသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...