ကျော်ဝေမင်း — ကရင်အမျိုးသားအစည်းအရုံး KNU၏ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များသိရှိနိုင်စေရေးလူထုတွေ့ဆုံပွဲတစ်ရပ် ပြု လုပ်မှုကို တပ်မတော်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး အပါအဝင် တပ်မတော်သား ၅ ဦးက လာရောက်တားမြစ်ခဲ့သည့်အပေါ် ရှုတ်ချကြောင်း ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆောထိမြို့နယ် ၊ ဘောကထောစခန်းတွင် KNU တပ်ရင်း (၇) မှ ဖေဖော်ဝါရီလ (၄) ရက်နေ့၌ လူထုတွေ့ဆုံပွဲတစ်ရပ်ပြုလုပ်စဉ် ခမရ(၁၂၄)တပ်မှ လာရောက်တားမြစ်ခဲ့ကြခြင်းဖြစ်သည်။
ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးက "NCA နဲ့ ပတ်သက်ပြီး လူထုနဲ့ တွေ့ဆုံခွင့်တွေ လုပ်ရမယ်၊ ဒါပေမယ့် အခုဖြစ်စဉ်မှာ တွေ့ဆုံဆွေး နွေးပွဲက ဘယ်လိုပုံစံလုပ်တာလဲ။ ဥပမာ ခွင့်ပြုမိန့်တွေ ဘာတွေနဲ့လုပ်တဲ့ အခမ်းအနားမျိုးလား။ ဒါကိုတော့ ကျွန်တော်လည်းမသိရသေးဘူးပေါ့နော်၊ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက် ပြီး လူ ထုနဲ့ တွေ့ဆုံတာကိုလွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိတယ်၊ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါ ယုံကြည်မှုတွေကတော်တော်အရေးကြီးတယ်၊ သံသယနဲ့ လုပ်လာရင်တော့ ယုံကြည်မှုတည် ဆောက်တဲ့ အခါ မှာတော်တော်ခက်ခဲသွားနိုင်တယ်"ဟု ပြောသည်။
KNU မှ ထုတ်ပြန်လိုက်သည့် သဘောထားကြေညာချက်တွင် တပ်မတော်အနေဖြင့် ယခုကဲ့သို့ လုပ်ရပ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တားမြစ်ပိတ်ပင်လိုက်ခြင်းပင်ဖြစ်ကြောင်းနှင့် နှစ်ဖက်တွေ့ဆုံဆွေး နွေးမှုများ၏ ရလဒ်များနှင့် NCA စာချုပ်ပါ အချက်အလက်များကို တပ်မတော်ဘက်က လိုက်နာမှုမရှိဟု KNU အနေဖြင့် မှတ်ယူကြောင်းလည်းဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးကျော်စိုးမိုးတို့ထံသို့ တယ်လီဖုန်းဖြင့် ဆက် သွယ် ခဲ့သော်လည်းအဆက်အသွယ် မရရှိခဲ့ပေ။
ကရင်အမျိုးသားအစည်းအရုံး (KNU)သည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။







