RCSS/SSA ဌာနချုပ်တွင် ကျင်းပမည့် သျှမ်းအမျိုးသားနေ့အခမ်းအနားသို့ တပ်မတော်ကိုယ်စားလှယ် တက်ရောက်မည်

RCSS/SSA ဌာနချုပ်တွင် ကျင်းပမည့် သျှမ်းအမျိုးသားနေ့အခမ်းအနားသို့ တပ်မတော်ကိုယ်စားလှယ် တက်ရောက်မည်
Photo by SHAN/ ၂၀၁၈ ခုနစ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့် သျှမ်းအမျိုးသားနေ့ စစ်ရေး ပြနေသည့် ပုံ
Photo by SHAN/ ၂၀၁၈ ခုနစ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့် သျှမ်းအမျိုးသားနေ့ စစ်ရေး ပြနေသည့် ပုံ

Nang Seng Nom -   သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/ SSA ဌာနချုပ်တွင် ကျင်းပမည့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားကို မြန်မာ့တပ်မတော်နှင့် အစိုးရကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်မည်ဟု သတင်းရရှိသည်။

ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်သည် ၇၃နှစ်မြောက် သျှမ်းအမျိုးသားနေ့ ဖြစ်သည်။ သျှမ်းအမျိုးသားနေ့အထိမ်းအမှတ်အနေဖြင့်( RCSS/SSA) ဌာနချုပ် လွိုင်းတိုင်းလျန်းတွင် နှစ်စဉ် ကျင်းပသည်။

“ တပ်မတော်ဘက် က ကိုယ်စားလှယ် ၅ဦးနဲ့ အစိုးရဘက်က ကိုယ်စားလှယ် ၆ ဦး၊ အားလုံး ၁၁ဦး လာပါတယ်။ တာချီလိတ်၊ မယ်ဆိုင်ဘက်ကနေ လာတယ်။ ဒီနေ့ သူတို့ လွိုင်တိုင်းလျန်း ရောက်ကြမယ်” ဟု RCSS/ SSA ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြန်မာ့တပ်မတော်ဘက်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်ပြီး၊ အစိုးရ ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ဦးဆောင်ပြီး တက်ရောက်ကြောင်း သတင်းရရှိသည်။

ယခုနှစ် သျှမ်းအမျိုးသားနေ့ကို တရုတ်နိုင်ငံကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိကြောင်း၊ အခြားနိုင်ငံဖြစ်သည့် ဆွစ်ဇာလန်နှင့် နယ်သာလန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်းက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) လည်း တက်ရောက်မည်ဟု စိုင်းမိဏ်းက ထပ်လောင်းပြောသည်။

ဖေဖော်ဝါရီ ၆  ရက်တွင် လွိုင်တိုင်းလျန်းသို့ ရောက်ရှိလာသည့် အထူး ဧည့်သည်တော်များနှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ညနေ မိတ်ဆုံစားပွဲ ရှိကြောင်း သိရသည်။

သျှမ်းအမျိုးသားနေ့ (ဖေဖော်ဝါရီ ၇) သျှမ်းစော်ဘွားများနှင့် ပြည်သူလူထုများကြား သွေးစည်းညီညွတ်မှု ရခဲ့ပြီး ထိုနေ့နှင့်အတူ အမျိုးသားသီချင်း၊ သျှမ်းအမျိုးသားအလံကို သတ်မှတ်နိုင်ခဲ့သည့် နေ့ရက်လည်း ဖြစ်သည်။ ထို့ပြင် ပင်လုံစာချုပ် နှင့် ပြည်ထောင်စု နေ့ဖြစ်ပွားလာရန် ပေါ်ပေါက်လာရန် အတွက် သျှမ်းအမျိုးသားနေ့သည် အရေးကြီးသည့် သမိုင်းဝင် ရက်တရက်လည်းဖြစ်သည်။

သို့သော် သျှမ်းအမျိုးသားနေ့ သည် မြန်မာတပြည်လုံး ၏ နေ့ထူး နေ့မြတ်ဖြစ်သည့် အတွက် သျှမ်းပြည်သူများ နှစ်စဉ်နှစ်တိုင်း တရားဝင် ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း လက်ရှိ အချိန်ထိ သတ်မှတ်ခြင်း မခံရပေ။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...