ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာအနီးရှိ တပ်မတော်ဗျူဟာကုန်းအနီး တိုက်ပွဲ ဖြစ်ပွားနေ

ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာအနီးရှိ တပ်မတော်ဗျူဟာကုန်းအနီး တိုက်ပွဲ ဖြစ်ပွားနေ

သန့်မြတ်ခိုင် - ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လိပ်ခေါင်းကျေးရွာအနီးရှိ ဗျူဟာကုန်း အနီးတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

မြန်မာ့တပ်မတော်နှင့် AA တို့ကြား အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၆ ရက်  နံနက် ၇ နာရီခန့်က စတင်ပြီး တစ်ကြိမ်၊  ညနေ ၃ နာရီ ခွဲခန့်တွင် တစ်ကြိမ်ဖြစ်ပွားနေသည်ဟု လိပ်ခေါင်းကျေးရွာသား တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် လိပ်ခေါင်းရွာသားများမှာ ကြောက်လန့်စိုးရိမ်ပြီး ပလက်ဝမြို့နယ် ဝက်မနှင့်  ငမြင်းရွာဘက်သို့ ထွက်ပြေးရန် စီစဉ်နေကြောင်း  ကျေးရွာသားမှ ပြောကြားနေစဉ် လက်နက်ငယ် ပစ်ခတ်သံများနှင့် အတူ စက်သေနတ်အတွဲလိုက် ပစ်ခတ်သံများကို ဖုန်းထဲက ကြားခဲ့ရသည်။

ဖေဖော်ဝါရီ ၆  ရက် နံနက် ၇ နာရီခန့်က စက်တင်ပြီး ပလက်ဝနှင့် ကျောက်တော် အကြား ဖောက်လုပ် ထားသည့် လမ်း၊  လိပ်ခေါင်းကျေးရွာ တောင်ဘက် ၈ ဖာလုံလောက်အကွာ ပေ ၄၄၀ ရှိ မီးချောင်းတံတားထိပ် ဘက်တွင် ဖေဖော်ဝါရီ ၆  ရက်  နံနက် အစောပိုင်းကနေ အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း လိပ်ခေါင်းကျေးရွာသား နောက်ထပ် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

၎င်းလိပ်ခေါင်းကျေးရွာသားက“ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်  မနက်အစောကြီးကနေ အပြန်အလှန်ဖြစ်နေကြတာပါ။ တစ်နာရီလောက်ဖြစ်ခဲ့တယ်။ ရွာကလူတွေကလည်း ပြေးလည်းပြေးချင်ကြတယ်။ ပြေးလည်း မပြေးရဲဘူး။ ပြေးရင် အပစ်ခံရမှာကိုကြောက်တယ်။ အဲဒါကြောင့် ရွာမှာဘဲ ကုတ်ကပ်ပြီး နေနေရတယ်။ အဲဒီနောက်ပိုင်း အခု ညနေ ၃ နာရီခွဲမှာ ထပ်မံ တိုက်ပွဲ ဖြစ်ပွားနေပါတယ်” ဟု ပြောသည်။

“ကျနော်တို့ရွာက အိမ်ခြေက သိပ်အများကြီးမရှိဘူး။ ၁၇ ဆောင် ၁၈ ဆောင်လောက်ဘဲ ရှိတာပါ။ ခမီးနဲ့ ရခိုင်တွေ ရောပြီးနေကြတာ။ အကုန်လုံးကြောက်နေကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။ ဒါကြောင့် ဆရာတို့ဆီဖုန်းဆက်ပြီး ပြောရတာပါ” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၁ နာရီခန့်ကလည်း ကုလားတန်မြစ်လက်တက် မီးချောင်း အတွင်းမှ ပစ်ခတ်သံများ ကြားနေရကြောင်း၊ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းကလည်း ထိုနေရာအနီး လက်နက်ငယ် ပစ်သံများ ထွက်ပေါ်နေကြောင်း မီးဝကျေးရွာသားတစ်ဦးက ပြောသည်။

မီးဝကျေးရွာမှ ရွာလူကြီး တစ်ဦးက “ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၇ နာရီခွဲကနေ စကြားနေရတယ်။ ဖြစ်တဲ့နေရာက မနေ့က ပစ်သံကြားတဲ့နေရာ လိပ်ခေါင်းတောင်ဘက်ကမ်း တံတားအနီးက ကြားရတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ဖြစ်တာက အပြန်အလှန်ကြားပါတယ်။ ၁၅ မိနစ်လောက်ကြားလိုက်ရပါတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ် လိပ်ခေါင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက ကြောက်လန့် စိုးရိမ်နေကြသည်ဟု ပြောဆိုသည့် အတွက် ထိုနေရာအနီး တိုက်ပွဲဖြစ်ပွားခြင်း ရှိ/မရှိ မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေး ဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ဖေဖော်ဝါရီ ၆  ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်က တစ်ကြိမ်၊ ၁ နာရီ ၁၇ မိနစ်ကတစ်ကြိမ် ၂ ကြိမ်တိုင်တိုင် ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခသို့ နိရဥ္စရာသတင်းဌာနမှ ဖေဖော်ဝါရီ ၆  ရက် နေ့လယ် ၁နာရီခွဲ ခန့်ကဆက်သွယ်မေးမြန်းခဲ့ရာ ဖေဖော်ဝါရီ ၆  ရက် တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် မကြားမိသေးကြောင်း ပြန်လည် ဖြေကြားသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...