Nang Seng Nom — သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာတွင် သေနတ်ပစ်ခံရသည့် အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။
“လွန်ခဲ့တဲ့ ၃ ရက်နေ့က ပျောက်သွားတာ။ မနေ့ကတော့ သူ့ရုပ်အလောင်းကို တွေ့ရတယ်။ ဦးခေါင်းမှာ ကျည်ဒဏ်ရာရတယ်။ ဘယ်သူက ပစ်တယ်ဆိုတာ မသိဘူး” ဟု နမ့်မ ဒေသခံ လူငယ်အဖွဲ့မှ စိုင်းထွန်းက ဆိုသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက်နေ့က စတင် ပျောက်ဆုံးနေသူ စိုင်းအောင်လူ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၂ရက်နေ့ နံနက် ၁၀နာရီခွဲက နမ့် မကျေးရွာနှင့် တစ်မိုင်ကျော်ခန့် ဝေးသည့်နေရာတွင် ကျည်ဆံ ဒဏ်ရာဖြင့် သေဆုံးလျက်သား တွေ့ရှိခဲ့ကြောင်း စိုင်းထွန်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“သူက ဖရဲသီးခြံ သွားစောင့်တာ။ အိမ် မပြန်လာတာ ၃ရက်ရှိတော့ အိမ်က လူတွေ စိတ်ပူပြီး သွားရှာကြတာ။ အဲဒီမှာ သူ့အလောင်းကို တွေ့ရတာပဲ။ အဲဒီနေရာမှာပဲ မြေမြှုပ်လိုက်တယ်” ဟု စိုင်းထွန်းက ဆိုသည်။
စိုင်းအောင်လူသည် အိမ်ထောင်သည်ဖြစ်ပြီး ကလေး မရသေးကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်သည့် လူငယ်ဖြစ်ကြောင်းလည်း နမ့်မ ဒေသခံ ပြည်သူများက ပြောဆိုသည်။
နမ့်မ ဒေသခံ စိုင်းလှမောင်က “သူက အေးတယ်။ မူးယစ်ဆေး မသုံးဘူး။ တောထဲမှာ ပစ်ခံရတော့ လူမှား ပစ်တာလား မသိဘူး။ ဘယ်သူ လာပစ်သွားလဲ မသိဘူး” ဟု ပြောသည်။
အဆိုပါကျေးရွာအုပ်စုသည် ကျောက်မီးသွေး တူးဖော်သည့် နေရာဖြစ်ပြီး ယင်းအပေါ် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။







