ဝူဟန်ရောဂါကြောင့် နမ့်ခမ်းမြို့ သျှမ်းပြည်အမျိုးသားနေ့ပွဲ မကျင်းပ

ဝူဟန်ရောဂါကြောင့် နမ့်ခမ်းမြို့ သျှမ်းပြည်အမျိုးသားနေ့ပွဲ မကျင်းပ

လက်ရှိ ကူးစက်ပြန့်ပွားနေသော ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကို တတ်နိုင်သည့်ဘက်မှ ကာကွယ်တားဆီးရန် ရည်ရွယ်ပြီး   လာမည့် ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်  ကျင်းပရန်စီစဉ်ထားသည့် သျှမ်းပြည်အမျိုးသားနေ့ပွဲတော်ကို ဖျက်သိမ်းလိုက်ကြောင်း နမ့်ခမ်းမြို့ ပွဲဖြစ်မြောက်ရေးကော်မတီက အရေးပေါ် အစည်းအဝေးခေါ်ယူကာ ကြေငြာလိုက်သည်။

ဖေဖေါ်ဝါရီလ ၁ ရက်နံနက်ပိုင်းက ပွဲဖြစ်မြောက်ရေးကော်မတီက ဒေသခံရပ်မိရပ်ဖများကို  အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူကာ  သျှမ်းပြည်အမျိုးသားနေ့ပွဲ မကျင်းပရန် သဘော တူညီမှု ရယူခဲ့သည်။

“နမ့်ခမ်းမြို့ တရုတ်နယ်စပ်မြို့ဖြစ်တဲ့အလျောက် ကျွန်တော်တို့ဘက်ကို ရောဂါကူးစက်မလာနိုင်အောင် တတ်နိုင်သမျှ ကြိုတင်ကာကွယ်ထားတဲ့ သဘောပါ။ တစ်ဖက်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဒါကို အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ကျနော်တို့လည်း စိုးရိမ်တယ်လေ။ ဒါကြောင့် လူစုလူဝေး မရှိရအောင် ဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ၇၃ နှစ်မြောက် သျှမ်းပြည်နယ်နေ့အခမ်းအနားကို မကျင်းပတော့ဘူးဆိုပြီး ဆွေးနွေးဆုံးဖြတ်ရခြင်းဘဲဖြစ်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရ စိုင်းမောက်ဆိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်အမျိုးသားနေ့ပွဲတော် ကျင်းပမည် မဟုတ်တော့ကြောင်း ဒေသခံများကို အသိပေးသည့် ထုတ်ပြန်ကြေငြာချက်တွင် ကမ္ဘာ့ကျန်းမာရေး WHO က နိုဝယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကမ္ဘာတဝှမ်းလုံး အရေးပေါ်အခြေအနေထုတ်ပြန်ထားမှု၊ နမ့် ခမ်းမြို့သည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်မှု၊ ရောဂါပိုးကူးစက်မှုနှုန်းမြန်ဆန်လာမှု  အစရှိသည့် အဓိက အကြောင်းအရာ ၅ ချက်တို့ကြောင့် ဖြစ်ကြောင်း ပါဝင်သည်။

ထိုရောဂါပိုး ကူးစက်ပျံ့ပွားမှုမြန်ဆန်ခြင်းကြောင့်  နမ့်ခမ်းမြို့နှင့်ကပ်လျက်ရှိသည့် တရုတ် – မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တော် မူစယ်မြို့ကလည်း သျှမ်းပြည် အမျိုးသားနေ့ပွဲတော် မကျင်းပတော့ကြောင်း ဇန်နဝါရီ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

၁၉၄၇ ပင်လုံ ကတိကဝတ် သမိုင်းဖြစ်စဉ်များကို နောင်လာနောက်သားများ မမေ့ပျောက်စေရန်အတွက် ဖေဖေါ်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၃ နှစ်မြောက် သျှမ်းပြည်နယ် အမျိုးသားနေ့တွင်  အိမ်တိုင်း သျှမ်းပြည်အမျိုးသားအလံတော် လွှင့်ထူထားရန် မူစယ်၊ နမ့်ခမ်း ပွဲဖြစ်မြောက်ရေးကော်မတီများက အသီးသီး တိုက်တွန်းထားသည်။

လက်ရှိတွင် နိုဝယ်လ် ကိုရိုနာ ဗိုင်းရပ်စ် ခေါ် ဝူဟန် ဗိုင်းရပ်စ် ရောဂါကူးစက်မှုကြောင့် နောက်ဆုံးရ ကမ္ဘာ့သတင်းများအရ တရုတ်နိုင်ငံတွင် လူဉီးရေ ၂၅၉ သေဆုံးပြီး ကမ္ဘာတဝှမ်း ၂၂ နိုင်ငံတွင် ရောဂါပိုးကူးစက်ခံရသူ  လူဉီးရေ ၁၂၀၂၇ ဉီး ရှိပြီဟု SCMP (South China Morning Post) သတင်းဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...