ဇနီးမယားကို ဝင်ငွေရအလုပ် လုပ်ခွင့်မပြုလျှင် အရေးယူမည့် ဥပဒေကြမ်းထွက်ပေါ်

ဇနီးမယားကို ဝင်ငွေရအလုပ် လုပ်ခွင့်မပြုလျှင် အရေးယူမည့် ဥပဒေကြမ်းထွက်ပေါ်

အုပ်မှူးဇော် — အိမ်ထောင်ဦးစီးအမျိုးသားက မိမိ၏ တရားဝင်ဇနီးအပေါ် ဝင်ငွေရအလုပ် သို့မဟုတ်  စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်ကိုင်ခွင့်မပေးလျှင် တရားစွဲဆိုနိုင်သည့် ဥပဒေကြမ်းတစ်ရပ်ကို ပြည်ထောင် စုလွှတ်တော်တွင် မကြာသေးမီက အတည်ပြုလိုက်သည်။

ဇန်နဝါရီ ၂၅ ရက်နေ့က အများပြည်သူ လေ့လာနိုင်အောင် ထုတ်ပြန်လိုက်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေကြမ်းအောက်တွင် စီးပွားရေးဆိုင်ရာအကြမ်းဖက်မှုဆိုသည်လည်း ပါဝင်သည်။

စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများမှာ (က) ပုံမှန်ဝင်ငွေရှိလျက် မိသားစုစားဝတ်နေရေးအတွက် စရိတ်ထောက်ပံ့မှုမပြုခြင်း။ (ခ) တရားဝင် ဝင်ငွေရအလုပ် သို့မဟုတ် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတစ်ခုခုကို ခွင့်မပြုခြင်း သို့မဟုတ် ပိတ်ပင်တားမြစ်ခြင်း။ (ဂ) အိမ်ထောင်ပစ္စည်းများကို မကြာခဏဖျက်ဆီးဆုံးရှုံးခြင်း နှင့် (ဃ) အမျိုးသမီး၏ ကိုယ်ပိုင်ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်ခြင်းတို့ ဖြစ်သည်။

စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုကို အိမ်ထောင်ဦးစီးအမျိုးသားကဖြစ်စေ၊ သွေးရင်းမိသားစုဝင်တစ်ဦးဦးက ဖြစ်စေ တရားဝင်ဇနီးအပေါ် သို့မဟုတ် သွေးရင်းမိသားစုဝင်တစ်ဦးဦးအပေါ်ကျူးလွန်ခဲ့ပါက ယခု ဥပဒေအရ တရားစွဲအရေးယူနိုင်သည်။

ပြစ်ဒဏ်များအနေဖြင့် ပထမအကြိမ်ကျူးလွန်ပါက ထောင်ဒဏ် သုံးလမှ တစ်နှစ်ထိစီရင်နိုင်ခြင်းနှင့်   ထပ်မံကျူးလွန်ပါက ခြောက်လမှ နှစ်နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်ခြင်းတို့ ပါဝင်သည်။

ဥပဒေက စီရင်ပိုင်ခွင့်ရှိသူများတွင် မြန်မာနိုင်ငံသားသာမက မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ပြီး နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူကဖြစ်စေ၊ မြန်မာနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ရရှိသည့် နိုင်ငံခြားသားကဖြစ်စေ ပြည်ပတွင် ကျူးလွန်ခြင်းလည်း ပါဝင်သည်။

ယခု အကြောင်းအရာနှင့် ပြစ်မှုပြစ်ဒဏ်များ ထည့်သွင်းရေးဆွဲရခြင်းက ပြည်သူအများ၏ လိုအပ်ချက်ကြောင့် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက မဇ္ဈိမကို ပြောသည်။

“ ကျွန်မတို့ကအခုအောက်ခြေမှာ ပြည်သူတွေနဲ့ အနီးကပ် နေထိုင်ပြီးတော့ လုပ်နေတဲ့ ကိုယ်စားလှယ်တွေဆိုတော့ အဲဒီဆိုလိုရင်းကို အရမ်း  နားလည်တယ်။ အလုပ်က လုပ်တယ်။ ဒါပေမယ့် ယောက်ျားက ပေးမလုပ်တော့ အလုပ်ထွက်လိုက်ရတယ်။ ယောက်ျားကပေးတဲ့ ပိုက်ဆံတွေလည်း မသုံးရဘူး။ အဲဒီလို စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုကနေ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်လာတာတွေ ရှိတာကြောင့်လို့” ဟု ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်ခဲ့သူ နော်လှလှစိုးက ပြောသည်။

အမျိုးသမီးရေးရာလှုပ်ရှားသည့်အဖွဲ့တစ်ခုဖြစ်သော Triangle Women Support Group ကို တည်ထောင်သူ မခင်လေးက ယခု ဥပဒေကြမ်းကို ကြိုဆိုလိုက်ပြီး အမျိုးသား၊ အမျိုးသမီး လုပ်ခလစာတန်းတူညီမျှမှုနှင့် အကျိုး မြတ်ခံစားခွင့်များပါ ထည့်သွင်းရေးဆွဲမည်ဆိုလျှင်  ပိုပြီးပြည့်စုံလိမ့်မည်ဟု ပြောသည်။

ထို့အပြင် “ဒီဥပဒေရဲ့အကျိုးသက်ရောက်မှုက ကာယကံရှင်အမျိုးသမီးတွေနဲ့လည်းသက်ဆိုင်သလို ဒီဥပဒေက ဘယ်လောက်တောင် အသက်ဝင်အောင်လုပ်ပေးမလဲ။ … ဒီထဲကပါတဲ့အချက် တွေကို အပြည့်အဝ အကောင်အ ထည်ဖော်ရမယ့် ဌာနတွေပေါ့။ ရဲတွေ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ၊ တာဝန်ရှိတဲ့ တရားရုံးတွေ၊ ရှေ့နေတွေ ဒီဟာကနစ်နာမှုရှိပါတယ်၊ အကြမ်းဖက်မှုဖြစ်ပါတယ်၊ သွားတိုင်ရင်တော့ ဒါကိုအရေး တယူနဲ့ဆောင်ရွက်ပေးနိုင် မလား။ ဒါကလည်းကျွန်မတို့အတွက် စိုးရိမ်စရာတစ်ခုဖြစ်တယ်”ဟု  မခင်လေးက ထပ်လောင်းပြောသည်။

အဆိုပါဥပဒေကြမ်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းများနှင့်  အစိုးရအဖွဲ့အစည်းများက  စတင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး နောက် ခုနစ်နှစ်အကြာတွင် ဥပဒေကြမ်းကို ယခုလို ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...