သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ဇန်နဝါရီ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီး နှစ်ဦး ကျည်ထိမှန်ကာ သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA)တို့ ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားကာ သားအမိ နှစ်ဦး ကျည်ထိမှန်ကာ နေရာတင် သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့နယ်ဒေသခံများ ပြောပြချက်အရ သိရသည်။
“မနေ့က သားအမိ နှစ်ဦး သေဆုံးတာ ဟုတ်ပါတယ်။ (သူတို့)လက်ဖက်ခြံသွားပြီး အပြန်မှာ တိုက်ပွဲဖြစ်တာနဲ့ ကြုံတာ။ အဲဒီမှာ ကျည်ထိပြီး ပွဲချင်းပြီးပါပဲ” ဟု ကျောက်မဲမြို့ သျှမ်းမြောက်လူငယ်ကွန်ရက် မှ မိုင်းစောထွန်းထွန်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သေဆုံးသူ ဒေါ်နန်းရွှေကျင်သည် အသက် ၄၂နှစ်ကျော်အရွယ်ဖြစ်ပြီး သူမ၏ သမီး နန်းခမ်းအိမ်မှာ အသက် ၁၂အရွယ်သာ ရှိသေးသည်။ ၎င်းတို့ကို ညောင်မောင်းကျေးရွာတွင် ယနေ့ သဂြိုဟ်မည်ဖြစ်ကြောင်းလည်း မိုင်းစောထွန်းထွန်းက ဇန်နဝါရီ ၂၉ ရက်တွင် ပြောသည်။
ညောင်မောင်းဒေသခံတစ်ဦးကလည်း“မနေ့က TNLA တပ်က ကျနော်တို့ ရွာမှာ လာနေတာ။ မြန်မာတပ်က တောင်ကုန်းပေါ်ကနေ လှမ်းပစ်တာ။ အဲဒါနဲ့ ရွာက အိမ်တွေ ကျည်ထိတယ်။ နောက် သားအမိ ၂ယောက် ကျည်ထိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

Photo by ညောင်မောင်းကျေးရွာ ဒေသခံတစ်ဦး
မြန်မာ့တပ်မတော်သည် ရွာပြင်မှ နေပြီး ညောင်မောင်းကျေးရွာ အတွင်းသို့လက်နက်ကြီးဖြင့် ပစ်ခဲ့သဖြင့် သားအမိ နှစ်ဦးနှင့် နေအိမ်များကျည်ထိမှန်ရခြင်းဖြစ်သည်ဟု ရှင်းပြသည်။
“ တိုက်ပွဲဖြစ်ရင် အဓိက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပဲခံရတာ။ မနေ့ က ကျည်ထိသေဆုံးတာလည်း သားအမိ နှစ်ယောက်ပဲ။ အမျိုးသားတွေဆိုရင် ကိုယ်လွတ်ရုန်း ပြေးလို့ရပေမယ့် အမျိုးသမီးဆိုရင် အသက်ကြီးတဲ့သူတွေ ကလေးငယ်တွေကို ငဲ့ရတယ်” ဟု ကျောက်မဲမြို့ နန်းမွေဆိုင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီး နေထိုင်သည့် သူများသည် ဗုံးခိုကျင်းများ ဆောက်လုပ်ထားခြင်း မရှိကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲ မဖြစ်စေလိုကြောင်းလည်း နန်းမွေဆိုင်က ပြောဆိုလိုက်သည်။
ဖော်ပြပါနေ့က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ညောင်မောင်းကျေးရွာ နေအိမ်အချို့ ပျက်စီးမှု ရှိခဲ့ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။
TNLA နှင့် မြန်မာ့တပ်မတော်တို့သည် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာအနီး ဇန်နဝါရီ ၂၈ ရက် ညနေ ၃နာရီ ၁၅မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုတိုက်ပွဲကြောင့် ဒေါ်နန်းရွှေကျင်တို့ သားအမိ နှစ်ဦး ကျည်ထိမှန်ကာ သေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့်က TNLA ပြောခွင့်ရပုဂ္ဂိုလ်နှင့် မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးထံ ဆက်သွယ်ခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။







