တရုတ်အရေးပေါ် အခြေအနေကြောင့် သစ်သီးဝလံ ရောင်းရန် ခက်ခဲနေ

တရုတ်အရေးပေါ် အခြေအနေကြောင့် သစ်သီးဝလံ ရောင်းရန် ခက်ခဲနေ
Photo by ခွာညိုသစ်သီးပွဲရုံ
Photo by ခွာညိုသစ်သီးပွဲရုံ

တရုတ်နိုင်ငံ အရေးပေါ် အခြေအနေကြောင့် သစ်သီးဝလံများ ရောင်းရန် ခက်ခဲနေသဖြင့် မြန်မာပြည်မှ လာမည့် သစ်သီးကားများ ခေတ္တ ရပ်နားရန် မူဆယ်မြို့ သစ်သီးဝလံ ကုန်စည်ဒိုင်များ က ပြောသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် Corona Virus (ကော်ရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါကြောင့် အရေးပေါ် အခြေအနေ ဖြစ်နေသည့်အတွက် မူဆယ်ဘက်မှ တင်ပို့မည့် သစ်သီးဝလံများကို ခေတ္တ ရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဌ ဦးစိုင်းခင်မောင်က ပြောသည်။

“ တရုတ်ပြည်က ဗိုင်းရပ်ကို မထိန်းချုပ်နိုင်သေးဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဝင်၊ ထွက်ဖို့အတွက် သူတို့ အရမ်းတင်းကြပ်နေတယ်။ သယ်ယူပို့ဆောင်ရေး အတွက်က ခက်တယ်။ ဒါကြောင့် အသီးကားတွေ မလာဖို့ ကျနော်တို့ ထိန်းထားတာ” ဟု ဦးစိုင်းခင်မောင် က ဆိုသည်။

တရုတ် နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ကြောင့် လူစုလူဝေး ပျော်ပွဲ ရွှင်ပွဲများ၊ ခရီးသွားလာမှု လမ်းကြောင်းများကို တရုတ်နိုင်ငံ အစိုးရ က ကန့်သတ်ထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာဘက်မှ တင်ပို့သည့် သစ်သီးဝလံများကို တရုတ်နိုင်ငံ အရေးပေါ် အခြေအနေ နှင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်း ကန့်သတ်ထားမှုကြောင့် တင်ပို့မှု နှင့် ဝယ်ယူမှု ဈေးကွက်တွင် အခက်အခဲဖြစ်ပေါ်နေကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင် ၏ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ တရုတ်ဘက်က ခရီးသွားလာဖို့ ကန့်သတ်ထားတော့ အသီးသမားတွေ အများကြီး မဆုံးရှုံးရအောင်လို့ မဆင်းလာခိုင်းတာ။ ရှုံးရင်လည်း ခြံထဲမှာပဲရှုံးဖို့။ ကားခတွေ ၊ ဂျူတီခတွေ ထပ်မကုန်ဖို့ပါ” ဟု ဦးစိုင်းခင်မောင် က ပြောသည်။

တရုတ်နိုင်ငံမှ ဝူဟန် ဗိုင်းရပ်(စ်)ထိန်းချုပ်နိုင်သည့်အချိန် ဖြစ်မှသာ အသီးကားများ တက်လာရန် လည်း ဦးစိုင်းခင်မောင် က ပြောသည်။

ယနေ့(ဇန်နဝါရီ ၂၈ )  အချိန်ထိ တရုတ်- မြန်မာ မူဆယ်မြို့နယ် အတွင်းရှိ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်၊ ရွှေနန်းတော်( အလယ်ပေါက်ဂိတ်)၊ မန့်ဝိန်းဂိတ် နှင့် ပန်ဆိုင်း (ဝမ်းတိန် ဂိတ်) တို့ ဖွင့်လှစ်ထားသော်လည်း လူဝင်လူထွက် မရှိသလောက် နည်းပါးကြောင်း သိရသည်။

ဝူဟန် ဗိုင်းရပ်(စ်) မဖြစ်ပွားချိန်တွင် မူဆယ်မြို့ဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သစ်သီးဝလံကားသည် တစ်ရက်လျှင် စီးရေ ၄၀၀ခန့်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ထိ ဝူဟန်ဗိုင်းရပ်(စ်) ကူးစက်ခံရသူ ၂၇၄၄ဦးရှိပြီး သေဆုံးသူ ၈၀ ဦးရှိကြောင်း တရုတ် အစိုးရ ထုတ်ပြန်ချက် အရ သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...