သီပေါတွင် အမျိုးသား နှစ်ဦး အမျိုးသမီး တစ်ဦး သေနတ် ထပ်မံ အပစ်ခံရ

သီပေါတွင် အမျိုးသား နှစ်ဦး အမျိုးသမီး တစ်ဦး သေနတ် ထပ်မံ အပစ်ခံရ
Photo by Shar Htat Paing /facebook
Photo by Shar Htat Paing /facebook

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် အမျိုးသား နှစ်ဦး အမျိုးသမီး တစ်ဦး ထပ်မံ သေနတ်အပစ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းက ကုံးမုံကျေးရွာအနီးတွင် သေနတ်ပစ် အသတ်ခံရသည့် အလောင်း သုံးလောင်း တွေ့ရှိကြောင်း၊ အပစ်ခံရပြီး သေဆုံးသူများမှာ အမျိုးသား နှစ်ဦး အမျိုးသမီး တစ်ဦးဖြစ်ကြောင်း၊ မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်သည်ကို မသိရှိကြောင်း သီပေါမြို့ နယ်စည်းမခြားပရဟိတမှ ကိုမျိုးက ပြောသည်။

“ကျွန်တော်တို့ကို အကြောင်းကြားလာလို့ အလောင်း သွားသယ်ခဲ့တယ်။ ဘယ်သူတွေဆိုတာတော့ မသိသေးဘူး။ပိုင်ရှင်လည်း မသိရသေးဘူး။ အလောင်းကို သီပေါမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ပို့ထားပါတယ်”ဟု ကိုမျိုးက ပြောသည်။

အဆိုပါနေရာသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် နေရာဖြစ်ပြီး ယခုအကြိမ်မှာ တတိယအကြိမ် အပစ်ခံရခြင်းလည်း ဖြစ်ကြောင်း သီပေါမြို့ ဒေသခံများက ပြောသည်။

“အဲဒီနေရာက အခုနဲ့ဆို သုံးကြိမ်ရှိပြီ၊ သေနတ်ပစ်ခံရတာ။ ဘာကြောင့် ပစ်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း တစ်ခါမှ မသိရဘူး။ အဲဒီနေရာက မူးယစ်ဆေး သုံးစွဲတဲ့သူ၊ ရောင်းတဲ့သူတွေပဲ သွားတာ” ဟု သီပေါမြို့ ဒေသခံ အမျိုးသား တစ်ဦးဖြစ်သည့် စိုင်းစိုးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ အဆိုပါ နေရာသည် သာမန် ပြည်သူများ မသွားရဲသည့် နေရာဖြစ်ကြောင်းလည်း စိုင်းစိုးက ဆက်လက်ပြောသည်။

ဖော်ပြပါ ကုံးမုံကျေးရွာအနီးတွင် ယခုနှစ် ဇန်နဝါရီ ၁၁ရက်တွင် အမျိုးသား နှစ်ဦး သေနတ်ပစ်သတ်ခံရပြီး၊ ယမန်နှစ် ဒီဇင်ဘာ ၂၈ရက်တွင်လည်း အမျိုးသား သုံးဦး သေနတ်ဖြင့် ပစ်အသတ်ခံခဲ့ရသေးကြောင်း သိရသည်။ အလားတူပင် ယခုလ ၁၅ ရက်ကလည်း လားရှိုးမြို့ နောင်မွန်ကျေးရွာတွင် အမျိုးသား နှစ်ဦး သေနတ်ဖြင့် ပစ် အသတ်ခံခဲ့ရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...