မွန်ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးမည်

မွန်ပါတီက ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးမည်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးသွားမည်ဟု မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များက ပြောသည်။

မွန်ညီညွတ်ရေးပါတီတွင် အမျိုးသမီးနှင့် လူငယ်ကို ဦးစားပေးသည့် မူဝါဒထားရှိသည်ဟု ပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်က ပြောသည်။

“အမျိုးသမီးနဲ့ လူငယ် ဘယ်နှစ်ရာခိုင်နှုန်း ပါရမယ်ဆိုတာ သတ်မှတ်ထားတာ မရှိဘူး။ ကိုယ်စားလှယ်လောင်း လျှောက်တင်တဲ့အချိန်မှာ အမျိုးသမီးနဲ့ လူငယ် ဘယ်လောက်ထိ ပါလာနိုင်မလဲ၊ အဲဒါကို ကြည့်ပြီး ဆုံးဖြတ်ပေးရမယ်။ ကျနော်တို့ကတော့ ဖိတ်ခေါ်ထားတယ်”ဟု နိုင်စံတင်က ပြောသည်။

ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ (ဗဟို) ကိုဇန္နဝါရီ လ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် အဖွဲ့ဝင် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်ဟု ပြောသည်။

လက်ရှိအနေအထားအရ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီအဆင့်တွင် အမျိုးသမီးပါဝင်မှု အရေအတွက် ၁၁ ရာခိုင်နှုန်းသာရှိသည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။

အမျိုးသမီးအများစုမှ အိမ်မှုလုပ်ငန်းများတွင် ရုန်းကန်နေကြရသည့် အတွက် နိုင်ငံရေးကို စိတ်ဝင်စားမှု အားနည်းနေရသည်ဟုလည်း မွန်အမျိုးသမီး မိငွေလေးက ပြောသည်။

“မွန်ညီညွတ်ရေးပါတီအနေနဲ့ အမျိုးသမီးပါဝင်ခွင့်ကို ကန့်သတ်ချက်မရှိ လမ်းဖွင့်ပေးထားတယ် ဆိုပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးများကိုယ်တိုင်က ပါဝင်လာနိုင်ခြင်းမရှိတဲ့ အနေအထားဖြစ်နေပါတယ်။ ဆိုလိုချင်တာက တချို့က အိမ်ထောင်ကျသွားတော့ အချိန်မပေးနိုင်ကြတော့ဘူး။ တချို့ကျတော့ အိမ်မှုကိစ္စ၊ စားဝတ်နေရေး အဲဒါတွေကြောင့်ပါ”ဟု  မိငွေလေးက ပြောသည်။

ထို့အပြင် လူငယ်ပါဝင်မှုအရေအတွက်သည်လည်း အလွန် အားနည်းနေသည့် အနေအထားတွင်သာ ရှိနေသေးသည်ဟု သူမက ပြောသည်။

နိုင်ငံရေးကဏ္ဍတွင် လူငယ်ပါဝင်မှု အားနည်းနေရသည့် အခြေအနေနှင့် ပတ်သက်၍ “ကျနော်ထင်တာကတော့ လူငယ် တွေ နိုင်ငံရေးစိတ်ဝင်စားမှု အားနည်းနေသေးလို့ထင်တယ်။ ဒါပေမယ့် တချို့လူငယ်တွေလည်း စိတ်ဝင်စားကြပါတယ်။ အဲဒီလိုလူငယ်တွေကိုလည်း နိုင်ငံရေးနယ်ပယ်က လက်တွဲခေါ်သင့်ပါတယ်။ အရည်အချင်းရှိတဲ့ လူငယ်တွေကို နေရာပေးသင့်တယ်။ ဒါမှပဲ လူငယ်တွေ နိုင်ငံရေးထဲ များများ ဝင်ရောက်လာမယ်” ဟု မွန်လူငယ်အရေး လှုပ်ရှားနေသည့် မင်းအောင်က ပြောသည်။

အမျိုးသမီးနှင့် လူငယ်အင်အား နည်းပါးနေသည့် အနေအထားကြောင့် အမျိုးသမီးနှင့် လူငယ်များ ပါတီတွင် ဝင်ရောက် တာဝန်ထမ်းဆောင်ကြရန်လည်း ပါတီက ဖိတ်ခေါ်ထားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီတည်ထောင် ဖွဲ့စည်းခွင့်ပြုခဲ့သည်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲဖြင့် မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ မွန်ညီညွတ်ရေးပါတီတွင်၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းထိ  ပါတီဝင်အင်အား နှစ်သောင်းကျော်ရှိသည်ဟု ပါတီခေါင်းဆောင်များက ဆိုသည်။

May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...