မော်လမြိုင်တွင် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်

မော်လမြိုင်တွင် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်း ဖွင့်လှစ်

ဝံသမွန် — အခြေခံဥပဒေနှင့် ရွေးကောက်ပွဲသင်တန်းကို  မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို လူငယ်များနှင့် အများပြည်သူသိရှိစေရန်ရည်ရွယ်၍ တိုးတက်သောမွန်လူငယ်အစည်းအရုံး၊ စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ Konhongsar နှင့် Right အဖွဲ့တို့က ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ၂၀၁၅ နဲ့စာရင်တော့ ၂၀၂၀ မှာ မွန်တစ်ပါတီတည်း ဖြစ်နေပြီပေါ့နော်၊ ဆိုတော့ မဲလည်းမကွဲတော့ဘူးပေါ့၊ ဒီတော့ မဲပေးပိုင်ခွင့်ရှိတဲ့ လူတိုင်းရဲ့မဲတစ်ပြားဟာ ကျွန်တော်တို့ရဲ့ မွန်လူမျိုးကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အတွက် အရမ်း အရေးကြီးတယ်၊ ဒါကို လူငယ်တွေရော ပြည်သူတွေရော သိရှိနားလည်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကျင်းပဖြစ်တာပါ” ဟု တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO မှ မင်းဝဏ္ဏက ပြောသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်ရရှိစေရန် ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသော်လည်း မည်ကဲ့သို့အကောင်အထည်ဖော်သွားမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

သင်တန်းဆရာ ဝင်းညီညီဇော်က “သင်တန်း ၃ ရက်အတွင်းမှာ ကျွန်တော့်အနေနဲ့ နိုင်ငံသားအသိပညာနဲ့ပတ်သက်တဲ့အကြောင်းရယ်၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းလေးတွေနဲ့ အခြေခံဥပဒေနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကို ရှင်းပြပေးတယ်”  ဟု ပြောသည်။

အဆိုပါသင်တန်းမှ ရရှိလာသည့်အသိပညာ ဗဟုသုတများကို နီးစပ်ရာမိမိပတ်ဝန်းကျင်တွင် သွားရောက် မျှဝေပေးမည်ဖြစ်ကြောင်း သင်တန်းသူ မိဝတီဟံသာက ပြောသည်။

သင်တန်းတွင် မွန်လူငယ် ၃၅ ဦးတက်ရောက်လေ့လာခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ၎င်းတို့၏ဒေသအသီးသီးတွင် ပညာပေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် မဲဆန္ဒရှင် ၁၇ သိန်း ၅ သောင်းကျော်ကောက်ခံရရှိထားပြီးဖြစ်သော်လည်း တပ်မတော်နှင့် မှီခိုသူမိသားစုဝင်များ မပါဝင်သေးကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲမှသိရသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...